Monday, July 1, 2013

ဖက်ဒရယ်မှုနှင့် တိုင်းရင်းသားတို့အမြင် ဆွေးနွေးပွဲ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် တက်ရောက်ဆွေးနွေး

နိုင်ငံရေး — June 30, 2013 at 9:58 pm ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့ အမြင်ဆွေးနွေးပွဲ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် တက်ရောက် ဆွေးနွေး (နိရဉ္စရာ- ၃၀ ဇွန် ၂၀၁၃) / မောင်နီမိုး ယနေ့ ရန်ုကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သော ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့ အမြင် ဆွေးနွေးပွဲသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် တက်ရောက် ဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
U-aye-tha-Aung-speech
ရခိုင် ဒ်ီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်မှ ဖယ်ဒရယ်နှင့် တိုင်းရင်းသားတို့၏ အမြင် အကြောင်းကို ဟောပြောဆွေးနွေးရာတွင် မြန်မာ့ လွတ်လပ်ရေး သမိုင်း နောက်ခံ အနေထားနှင့် မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိလာသည့် အခြေခံ အကြောင်းတရား ဖြစ်သည့် တိုင်းရင်းသားများ၏ ညီညွှတ်ရေး အရေးကြီးပုံကို အဓိက ပြောကြားသည်။ ယင်းအပြင် ပင်လုံ သဘောတူညီချက်၊ ပင်လုံစာချုပ်၊ ပင်လုံ စိတ်ဓါတ်စသည့် အကြောင်းအရာများကို ဟောပြောပြီး တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးသည် အရေးကြီး သည်ဟု သူက ဆိုသည်။ ၁၉၆၁ ခုနှစ် တောင်ကြီး ညီလာခံတွင် ချမှတ်ခဲ့သော ဖက်ဒရယ်မူမှာလည်း ခွဲထွက်ခွင့် မဟုတ်ကြောင်း ပြောဆိုသည်။ “ ၁၉၆၁-ခုနှစ် တောင်ကြီး ညီလာခံမှာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖယ်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူ မဟုတ်ပါဘူး။ ပြည်နယ် ပြည်မ အာဏာခွဲဝေရေးဘဲ ဖြစ်တယ်။” ပြည်နယ်နှင့် ပြည်မ ပေါင်းပြီး စနစ်တကျ အာဏာခွဲဝေတာဟာ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူ ဖြစ်ကြောင်း၊ အာဏာခွဲဝေရာတွင်လည်း ပုံစံသုံးမျိုး သုံးစားရှိကြောင်း၊ အာဏာကို ချိန်ခွင်လျှာညှိပြီး ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရ အကြားမှာ ကန့်သတ် ထားကြောင်း သူက ဆိုသည်။ ပြီးနောက် တက်ရောက်လာသည့် နိုင်ငံရေးသမားများ၊ နိုင်ငံရေး စိတ်ဝင်စားသောပြည်သူများမှ ဦးအေးသာအောင် မေးခွန်းများ မေးမြန်းပြီး ၎င်းမှ တစ်ချက်ချင်း ပြန်လည် ဖြေကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦးမှ တိုင်းရင်းသားများ၏ ဆန္ဒအမှန်ကို သိလို၍ သူတို့ အနေဖြင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ယခုလို နိရဉ္စရာသို့ ရှင်းပြသည်။ “ ဒီအခမ်းအနားကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဗမာတွေဟာ မြန်မာ တိုင်းရင်းသား တွေရဲ့ ဆန္ဒ အစစ်အမှန်ကို သိဖို့ လိုပါတယ်။ ဒါမှ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး ပြသာနာကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ခုလို ဆွေးနွေးပွဲတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ယင်းအပြင် ဆွေးနွေးပွဲကို အမှတ်စဉ်(၁) မှ အမှတ်စဉ် (၄) အထိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယခု ဖယ်ဒရယ်မူနှင့် တိုင်းရင်းသား တို့၏ အမြင်ကို အမှတ်စဉ်(၅)မှ အမှတ်စဉ် (၈) အထိ ပြုလုပ်နေကြောင်း သူက ဆိုသည်။ ယခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဦးအေးသာအောင် လာရောက်ဆွေးနေသည်မှာ အမှတ်စဉ်(၈) ဖြစ်သည်ဟု ပြောသည်။ တတိယအကြိမ် အမှတ်စဉ်(၉) တွင် ကယန်းပြည်သစ်ပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးဌေးအောင်(ခေါ်) ဗိုလ်မှူးကြီး စောလွင် ကိုဖိတ်ကြားထားကြောင်း၊ လာမည့် ဇူလိုင်လ (၁၄) ရက် နေ့တွင် ဖယ်ဒရယ်မူနှင့် တိုင်း ရင်းသားတို့၏ အမြင်အကြောင်းကို ထပ်ပြီးတော့ ဆွေးနွေးမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။ အခမ်းအနားကို နေ့လည်(၁)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရပ်နားခဲ့သည်။ အခမ်းအနားမှူး အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တာဝန်ခံ ကိုတင်မောင်ဦးမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်နီမိုး) - See more at: http://www.narinjara.com/burmese/?p=6179#sthash.M0Fz6qpF.dpuf

No comments: