Friday, July 12, 2013

ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား (၂) ဦးကို သာသနာညှိုးနွမ်းအောင်လုပ်မှုဖြင့် တရားစွဲ

မလေးရှားနိုင်ငံကိုသွားရောက်နိုင်ဖို့အတွက်မြန်မာနိုင်ငံကို သင်္ကန်းဝတ်နဲ့ ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဘာသာ သာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ နေ့ခင်းပိုင်းက ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ပိုလိုတည်းခိုခန်းမှာ သင်္ကန်းဝတ်နဲ့ သံဃာတော်နှစ်ပါးရောက်ရှိတည်းခိုပြီး အရပ်ဝတ်နဲ့ထမင်းထွက်စားတယ်ဆိုတဲ့ သတင်းအရ စစ်ဆေးခဲ့တာပါ။
(ဓာတ်ပုံ- Yangon Police)
အသက်၃၀ နီးပါးအရွယ် ပါစူကျစ်ဘာရနဲ့ အန်တာဘာရုတို့ ၂ ယောက်စလုံးဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး မလေးရှားမှာ သွားအလုပ်လုပ်ဖို့ ဘန်ကောက်ကနေတစ်ဆင့် ၀င်ရောက်ခဲ့တာကို ရဲက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
စခန်းက ရဲအုပ် အောင်နိုင်မြင့်က ဒီ ၂ ဦးကို ဘာသာသာသနာကို ညှိုးနွမ်းအောင် ပြုလုပ်မှုနဲ့  တရားစွဲသလို  မလေးရှားနိုင်ငံကို ပို့ဆောင်ပေးဖို့ စီစဉ်တဲ့ သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက်နေ လင်မယားစုံတွဲတစ်တွဲကိုလည်း ဖမ်းဆီးမိပြီး လူကုန်ကူးမှုနဲ့ စွဲဆိုထားတယ်လို့ ရဲအုပ်အောင်နိုင်မြင့်က ပြောပါတယ်။
“အဲဒီ ၂ ယောက်ကနေပြီးတေတာ့မှ အစီအစဉ်ဆွဲပေးတာပေါ့။ သူတို့ ၂ ယောက်စလာတော့ ဘင်္ဂလားဒေ့ရှ်ကနေ လာတယ်။ ထိုင်းမှာ လေယာဉ်ပြောင်းစီးတယ်။ ရန်ကုန်ကို ၀င်လာတယ်ပေါ့။ အခု သူတို့ ၂ ယောက်ကို စပြီးတော့ ဟိုဟာ (ဖမ်းဆီး) လုပ်လိုက်တယ်၊ မွတ်စလင် ဇနီးမောင်နှံ ၂ ယောက်ကိုလည်း ခေါ်လို့ရပြီး စစ်နေတယ်။ သူတို့ကိုလည်း ကျွန်တော်တို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၇/၃၇၀ နဲ့လေ အရေးယူဖို့ ရှိပါတယ်။ ကျွန်တော်ကတော့ ဒီအမှုရဲ့ တရားလိုပါ။”
ဒီအမှုဟာ သူတို့မြို့နယ်တွင်းမှာ ပထမဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး မှုခင်းပညာပေးအစီအစဉ်တွေ လုပ်ပြီး ပြည်သူလူထုကို ချပြသွားမယ်လို့ သူကပြောဆိုပါတယ်။
(သတင်းအရင်းအမြစ်- DVB)

No comments: