Thursday, July 18, 2013

နစက ဖျက်သိမ်းခြင်းအတွက် နယ်စပ်ဒေသတွင် လုံခြုံရေးအင်အား လျော့သွားမည် မဟုတ်ကြောင်းနှင့် လုံထိန်းရဲတပ်ဖွဲ့မှ အစားထိုး တာဝန်ယူမည်

nakasa1-july14
မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်လျှောက် တည်ရှိနေသည့် နစက ကင်းစခန်းများကို တွေ့ရစဉ်

နစက ဖျက်သိမ်းခြင်းအတွက် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအင်အား လျော့သွားမည် မဟုတ်ကြောင်းနှင့် နစက တာဝန်ကို လုံထိန်းရဲတပ်ဖွဲ့မှ ယနေ့ဇူလိုင် ၁၃ ရက်မှ စတင်ကာ အစားထိုး ၀င်ရောက်တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)အား ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်မှစ၍ ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၁၂ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်ပြည်နယ်ရှိ နယ်စပ်ဒေသတွင် နယ်စပ်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိသော နစကအဖွဲ့တွင် အင်အားထောင်ချီ ရှိနေခဲ့ပြီး ယခုအခါတွင် ဖျက်သိမ်းလိုက်သည့်တိုင် အဆိုပါ နစက တာဝန်များအား လုံထိန်းရဲတပ်ဖွဲ့မှ အစားထိုးဝင်ရောက် တာဝန်ယူမည်ဖြစ်သဖြင့် နစက ကွပ်ကဲရေးမှူး၏ တာဝန်ကို ယနေ့လွှဲပြောင်း ရယူနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
နစက ဖျက်သိမ်းခြင်းနှင့် ပတ်သက်ပြီး "နစက ကွပ်ကဲရေးမှူးရေး တာဝန်ကို လောလောဆယ်မှာ လုံထိန်းရဲ တပ်ရင်းစု ကွပ်ကဲရေးမှူး ရဲမှူးကြီးဗိုလ်ဗိုလ်ဦးက လက်ခံထား ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီနေ့ကစပြီး လက်ခံဆောင်ရွက်ဖို့ ရှိပါတယ်" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြောကြားသည်။
သို့ရာတွင် မောင်တောဒေသ လက်ရှိအခြေအနေမှာ တည်ငြိမ်နေပြီး ယခင်နစက စခန်းများတွင်လည်း ပုံမှန်အနေအထားသာ ရှိနေသေးကြောင်း၊ မည်သည့်အဖွဲ့မှ အစားထိုး နေရာယူနေခြင်း မရှိသေးကြောင်းလည်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး ယခင်နစက ဒုတိယကွပ်ကဲရေးမှူး တစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ထူးလှိုင်က "နစကအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ မနေ့က ည ၈ နာရီ သတင်းမှာ သိရပါတယ်။ ကျွန်တော်တို့ အခုတော့ ညွှန်ကြားချက်အတိုင်း နိုင်ငံတော်ရဲ့ အစီအမံအတိုင်း ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်ရေးအတွက် လုပ်ဆောင်နေဆဲ ဖြစ်တယ်။ ဘာမှစိုးရိမ်စရာ မရှိဘူး။ နိုင်ငံတော်ကလည်း နယ်စပ်လုံခြုံရေးအတွက် ပိုမိုကောင်းမွန်တဲ့ စနစ်ကို စီစဉ်နေတာ ဖြစ်တယ်" ဟု ဇူလိုင် ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် ပြောကြားသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ၁၉၉၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ နစကအဖွဲ့တွင် တပ်မတော်၊ ရဲ၊ အကောက်ခွန်၊ လ၀က ၀န်ထမ်းများဖြင့် ပေါင်းစည်းကာ နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
အဆိုပါ နစက တာဝန်ယူနေချိန်တွင် တစ်ဖက်နိုင်ငံမှ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူများ ရှိနေခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ ရှိနေခဲ့သည်ဟု ဒေသခံများက ယူဆခံထားရသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ယင်းအပြင် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်တွင်ဖြစ်ပွားခဲ့သော မောင်တောမြို့နယ်အတွင်း တိုင်းရင်းသား ကျေးရွာများအား ဘင်္ဂါလီများက အုပ်စုဖွဲ့ အကြမ်းဖက် လူသတ်၊ မီးရှို့၊ လုယက်မှုများ ဖြစ်ပွားခဲ့စဉ် နစကမှ အချိန်မီ တာဝန်ယူ ထိန်းသိမ်းပေးခဲ့ခြင်း မရှိခဲ့သည့်အတွက် နစကအပေါ် မယုံကြည်မှုများ ကြီးထွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group- www.first-11.com)

No comments: