Friday, August 9, 2013

မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကုန်းတွင်းပိုင်း အာရှနိုင်ငံများအတွင်း အမြန်ဆုံးနှုန်းဖြင့် ပျက်စီးဆုံးရှုံးနေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

8.8.1
ဒီရေတောဖွံ့ ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အမှာစကား ပြောကြားနေစဉ်

မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကုန်းတွင်းပိုင်း အာရှနိုင်ငံများအတွင်း အမြန်ဆုံးနှုန်းဖြင့် ပျက်စီးဆုံးရှုံးနေသည့် အတွက် ဆက်လက် မထိန်းသိမ်းပါက ၂၀၁၅ ခုနှစ်တွင် လုံးဝပျောက်ဆုံး သွားနိုင်ကြောင်း သြဂုတ် ၈ ရက်တွင် ပြုလုပ်ကျင်းပသည့် ဒီရေတော ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ သိရသည်။
မြန်မာနိုင်ငံတွင်ရှိသည့် ဒီရေတောများသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီ ကမ်းရိုးတန်းဒေသနှင့် ရခိုင်ကမ်းရိုးတန်း ဒေသတို့တွင် ဒီရေတော အများအပြားရှိပြီး ကမ္ဘာ့အပူပိုင်းနှင့် အပူသမပိုင်းဒေသ ကမ်းရိုးတန်းများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကုန်းတွင်းပိုင်း အာရှနိုင်ငံများအတွင်း အမြန်ဆုံးနှုန်းဖြင့် ပျက်စီးဆုံးရှုံး လျက်ရှိကြောင်း သိရသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ''ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ဒီရေတော ဂေဟစနစ် အပါအ၀င် နိုင်ငံရဲ့ ကမ်းရိုးတန်း သဘာဝ သယံဇာတများ ရေရှည်တည်တံ့သည့် နည်းဖြင့် စီမံအုပ်ချုပ် လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဌာနစုဖွဲ့မှုများကို ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နိုင်ငံရဲ့ လူမှုစီးပွားရေး အခြေခံများ ပြောင်းလဲလာခြင်းနှင့်အတူ ဒီရေတော ဧရိယာများ ကျဆင်းလာခဲ့ ရပါတယ်'' ဟု ပြောကြားသည်။
ဒီရေတော ဧရိယာများ ကျဆင်းလာရခြင်းသည် ဒီရေတောများတွင် အမျိုးသား မြေအသုံးချမှု မူဝါဒမရှိခြင်း၊ လူဦးရေထူထပ်စွာ အခြေချလာခြင်း၊ စိုက်ပျိုးရေး လယ်ယာများ များပြားလာခြင်း၊ ဒီရေတောများအတွင်း နှစ်စဉ် ထင်းနှင့် မီးသွေးများ ထုတ်လုပ်ခြင်း၊ ဥယျာဉ်ခြံမြေ တည်ထောင်နေထိုင်ခြင်း၊ ပုစွန်ကန်များ တည်ဆောက်ခြင်းများကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံး လာသောကြောင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန်၊ ဒီရေတော ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ဒီရေတောဌာန ဖွင့်လှစ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
''နိုင်ငံ့စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ ကာလမှာ သဘာဝ သယံဇာတများ ရေရှည်တည်တံ့ရေးအတွက် ဆီလျော်တဲ့မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ စုဖွဲ့မှု အခြေခံတွေ တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: