ဦးဥတ္တမနေ့ အခမ်းအနားအား တစ်နိုင်ငံလုံး ကျင်းပရန် ဆွေးနွေးဆုံးဖြတ်စဉ် (ဓာတ်ပုံ-ထက်ရှိုင်း) |
ရခိုင်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဦးဥတ္တမနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး တပေါင်းတစည်းတည်း ကျင်းပနိုင်ရေးအတွက် အကြိုအစည်းအဝေးပွဲ တစ်ရပ်ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် လမ်းမပေါ်ရှိ ရွှေရသာ စားသောက်ဆိုင်တွင် သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပြီး တက်ရောက်သည့် ရခိုင်အဖွဲ့အစည်းများထဲမှ ၁၇ ဖွဲ့၏ ကိုယ်စားလှယ် ၂၄ ယောက်ဖြင့် ယာယီကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်အဖွဲ့အစည်း ၂၀ ကျော် တက်ရောက်ခဲ့ပြီး ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ယာယီကော်မတီ ဖွဲ့စည်းခြင်း၊ အခမ်းအနား ကျင်းပနိုင်ရေးအတွက် အစိုးရအဖွဲ့အား တင်ပြနိုင်ရန် စီစဉ်ခြင်း၊ အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်နိုင်ရန်အတွက် ဖိတ်ခေါ်မည့် အစီအစဉ်များ၊ ဆရာတော်ဦးဥတ္တမ၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ တိမ်မြုပ်နေသည်များကို ပြန်လည်ဖော်ထုတ်နိုင်ရန် ဆွေးနွေးခြင်း စသည့်ခေါင်းစဉ်ခွဲများဖြင့် ဆွေးနွေးခဲ့ကြသည်။
"ယခင်နှစ်တွေ ကျင်းပတုန်းက အဖွဲ့ အစည်း တစ်ခုချင်းစီပဲ ကျင်းပပြုလုပ်တဲ့အတွက် ကျယ်ပြန့်မှု မရှိခဲ့ဘူး။ အခုလို အဖွဲ့ အစည်းတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်လာနိုင်အောင်လည်း တွန်းအားပေး လုပ်ဆောင်သွားမှာပါ" ဟု ရခိုင်အမျိုးသားကွန်ရက် ဒုတိယဥက္ကဋ္ဌ ကိုကျော်ဝင်းချေက ပြောကြားသည်။
ထိုကဲ့သို့ ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပနိုင်ရန် ရခိုင်အဖွဲ့အစည်း ၉၀ ကျော် ဖိတ်ကြားထားသော်လည်း အဖွဲ့အစည်း ၂၀ ကျော်သာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
"ဦးဥတ္တမနေ့ကို ရခိုင်တိုင်းရင်းသား တစ်မျိုးတည်းက အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲ တိုင်းရင်းသား အားလုံးက အသိအမှတ်ပြုတာမျိုး ဖြစ်စေချင်တယ်။ အဲဒီနေ့ကို နိုင်ငံတော် အခမ်းအနားနေ့အဖြစ် တစ်နိုင်ငံလုံးကလည်း အသိအမှတ် ပြုစေချင်တယ်" ဟု တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ မနှင်းနှင်းယုယုရွှေက ပြောကြားသည်။
ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရအဖွဲ့က တရားဝင်ကျင်းပခွင့် ပြုခဲ့ပြီး လူမှုအဖွဲ့အစည်းများ အနေဖြင့် တရားဝင်ကျင်းပခွင့် မရရှိစဉ် ကာလကတည်းက ဦးဥတ္တမနေ့ ကဗျာရွတ်ဆိုပွဲများ၊ ဂုဏ်ပြုဆုတောင်းပွဲများ စသည့်အခမ်းအနားများကို စစ်တွေမြို့တွင်သာမက အခြားသော မြို့နယ်များတွင်လည်း နှစ်များစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
No comments:
Post a Comment