မြန်မာနိုင်ငံ လွတ်လပ်ရေးသာမက
အာရှတိုက်တစ်ခုလုံးပါ အင်္ဂလိပ်နယ်ချဲ့သမားများလက်အောက်မှ လွတ်မြောက်ရန်
အမျိုးသားရေးစိတ်ဓါတ် နိုးကြွအောင် မျိုးစေ့ချပေးခဲ့သည့် အာရှနေ၀င်းဟု
တင်စားထားသော "ဆရာတော် ဦးဥတ္တမ"ကို ပျံလွန်တော်မူသည့် ၇၄ နှစ်မြောက်
အောက်မေ့ဖွယ်အခမ်းအနားအား ရန်ကုန်မြို့ရှိ ရခိုင်အရေးကို ဆောင်ရွက်နေကြသော
လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းကျင်းပရန် ရက္ခအလင်းတန်းအဖွဲ့မှ
ကြီးမှူးကာ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်၍ စီစဉ်နေကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမနေ့သည် စက်တင်ဘာလ ၉ ရက်နေ့
ဖြစ်ပြီး ယင်းနေ့တွင်ပြုလုပ်မည့် အခမ်းအနားကို ရခိုင်အဖွဲ့အစည်းများအားလုံး
ပူးပေါင်းကျင်းပရန် စီစဉ်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့
ရွှေရသာစားသောက်ဆိုင် (ရွှဂုံတိုင်၊ ရေတာရှည်ရပ်)တွင် ယနေ့နံနက် ၉ နာရီတွင်
ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယနေ့တွင် ရန်ကုန်မြို့၌
တခြားသော အဖွဲ့အစည်းများမှ ပွဲများနှင့် တိုက်ဆိုင်သွားပြီး
၎င်းဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှာ
တက်ရောက်မှုနည်းသောကြောင့် လာမည့် တနင်္လာနေ့တွင် ရွှေတိဂုံစေတီအနီး
ဓည၀တီကျောင်း၌ ညနေ ၅ နာရီတွင် ရခိုင်ပါတီများအပါအ၀င်၊
ရခိုင်အဖွဲ့အစည်းများအားလုံးကို ပြန်လည်ဖိတ်ကြားပြီး ဆရာတော်ဦးဥတ္တမနေ့
အခမ်းအနားကို အောင်မြင်စွာ ကျင်းပရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့ကာ
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရက္ခအလင်းတန်းအဖွဲ့မှ ဒုဥက္ကဌ
ကိုလင်းတေဇ က ပြောသည်။
လွန်ခဲ့သော နှစ်များက ဆရာတော် ဦးဥတ္တမနေ့
အခမ်းအနားကို အဖွဲ့အစည်းတစ်ခုချင်းစီ ကျင်းပနေကြသောကြောင့်
စည်းလုံးမှုမရှိသည်ကို အသွင်ဆောင်နေသည့်အတွက် ယခုနှစ်မှ စ၍
နောက်လာမည်နှစ်များအတွက်နှင့် ရန်ကုန်အခြေစိုက် ပါတီအပါဝင်
ရခိုင်အရေးဆောင်ရွက်သော အဖွဲ့အစည်းများအားလုံး စည်းလုံးမှုကို
ဖော်ပြလိုသောကြောင့် ကျင်းပရန်ရည်ရွယ်သည်ဟု ဒုဥက္ကဌ ကိုလင်းတေဇက ဆိုသည်။
" ကျနော်တို့ ရည်ရွယ်ချက်ကတော့
ရန်ကုန်မှာရှိတဲ့ ရခိုင်အဖွဲ့အစည်းတွေ အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို
ပြပြီးတော့ ကျနော်တို့ ဒီ ဆရာတော် ဦးဥတ္တမကို ရခိုင်တမျိုးသားလုံးကပဲ
မဟုတ်ဘဲ ကျန်တဲ့ တခြားတိုင်းရင်းသားတွေ အားလုံးကပါ အသိအမှတ်ပြုနိုင်တဲ့
အခမ်းအနားတခု ကျင်းပဖို့ဖြစ်ပါတယ်။ " ဟု သူက ပြောသည်။
လာမည့် တနင်္လာနေ့တွင် ကျင်းပမည့်
ဆွေးနွေးပွဲသို့ ရခိုင်ပါတီများအပါဝင် အခြားတိုင်းရင်းသားများမှ
နိုင်ငံရေးလောကတွင် ၀င်ရောက်နေသော ထိပ်ပိုင်းခေါင်းဆောင်များကိုပါ
ဖိတ်ကြားဖို့ ဆန္ဒရှိကြေင်းနှင့် ယခုနှစ်ကျင်းပမည့် ဆရာတော် ဦးဥတ္တမနေ့
အခမ်းအနားကို ကန်တော်မင်ပန်းခြံတွင် ကျင်းပရအောင်ထိ လုပ်ဆောင်ဖို့
ဆန္ဒရှိကြောင်း သူက ဆက်လက်ပြောသည်။
" ရခိုင်ပါတီတွေက
ထိပ်ပိုင်းခေါင်းဆောင်တွေအပါအ၀င်ပေါ့ တခြားတိုင်းရင်းသားတွေရဲ့
နိုင်ငံရေးလောက်မှာ ၀င်ရောက်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို
ဖိတ်ကြားဖို့ စီစဉ်နေပါတယ်။ သူတို့ကို အဲဒီဆွေးနွေးပွဲမှာ
စကားပြောခိုင်းမယ်။ အစကတော့ ရခိုင်တမျိုးသားလုံးအနေနဲ့လုပ်ဖို့ပါပဲ။
နေက်တော့ ဆရာတော် ဦးဥတ္တမဟာ ရခိုင်အမျိုးသားတခုလုံးရဲ့ လွတ်မြောက်ဖို့အတွက်
လုပ်ခဲ့တာမဟုတ်ဘဲ မြန်မာနိုင်ငံတခုလုံးအတွက် လွတ်လပ်ရေးကို
ကြိုးပမ်းခဲ့တဲ့အတွက် တခြားတိုင်းရင်းသားတွေအားလုံးမှာလည်း တာဝန်ရှိတယ်။
တခြားတိုင်းရင်းသားတွေကလည်း ဆရာတော်နေ့ အခမ်းအနားကို
စိတ်ဝင်စားနေကြတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ ဒါကြောင့်
တခြားတိုင်းရင်းသားတွေထဲက ဒီအခမ်းအနားမှာ ပါဝင်နိုင်ဖို့လူတွေကို
ဖိတ်ကြားသွားဖို့ စဉ်းစားထားပါတယ်။ "
" ဒီအခမ်းအနားကို
လူမှုအဖွဲ့အစည်းတွေအားလုံး ပေါင်းလုပ်ဖို့ဆိုတဲ့အခါ နေရာကိုရွေးရမယ်လေ။
လုပ်ဆောင်ဖို့အတွက် Agenda တွေဆွဲရမယ်။ ရန်ပုံငွေရှာရမယ်ဆိုတဲ့
ခေါင်းစဉ်ငယ်တွေလုပ်တဲ့အခါမှာ ဒီဟာက အရင်လို အဖွဲ့အစည်းငယ်တွေက
ကိုယ့်နေရာနဲ့ကိုယ် လုပ်တာမဟုတ်ဘဲ ရခိုင်တမျိုးသားလုံး
အဖွဲ့အစည်းတွေအားလုံး ပါဝင်လာဖို့ရယ်၊ ပြီးတော့ တိုင်းရင်းသားအားလုံး ၈
မျိုးစလုံး ပါဝင်လာအောင် ကြီးကျယ်တဲ့ အခမ်းအနားတခု လုပ်ပါမယ်။
ကြီးကျယ်အခမ်းအနား လုပ်ဖို့ဆိုတဲ့အခါမှာ အခြားနေရာတွေ၊ ဟောခန်းတွေကတော့
အများကြီးရှိပါတယ်။ ကန်တော်မင်ပန်းခြံက အရင်က ဦးဥတ္တမပန်းခြံဖြစ်ပါတယ်။
အခုအချိန်အခါမှာတော့ အဲဒီပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ်
တောင်းဆိုတာတွေကိုကြားရပါမယ်။ ဆိုတော့ အဲဒီပန်းခြံမှာပဲ လုပ်ဖို့အတွက်
စိတ်အားထက်သန်နေကြပါတယ်။ အဲဒီမှာလုပ်ရဖို့အတွက် တောင်းဆိုကြရမယ်။ တကယ်လို့
ဦးဥတ္တမအခမ်းအနားလုပ်ဖို့ တောင်းဆိုလို့သာ ကျလာခဲ့မယ်ဆိုရင် အဲဒီပန်းခြံမှာ
လုပ်သွားပါမယ်။ " ဟု သူက ပြောသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယခင်
စစ်အစိုးရလက်ထက်တွင် တရားဝင်ကျင်းပခွင့်မပြုခဲ့ကြပြီး လွန်ခဲ့သည့်
နှစ်ကမှစ၍ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့်
ကျင်းပခဲ့ကြသည့်အတွက် ယခုနှစ်တွင် တနိုင်ငံလုံးပါဝင်နိုင်သည့် ကြီးကျယ်သော
အခမ်းအနားဖြစ်အောင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈
ရက်နေ့တွင် မွေးဖွားသည်။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့်
တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ ၁၉၃၉
ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော် ပျံလွန်တော်မူရာ ထိုခေတ် လွှတ်တော်က
စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။
ယခု ရန်ကုန်မြို့ ကန်တော်မင် (ကန်တော်မင်္ဂလာ)
ပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက
သတ်မှတ်ပေးခဲ့သော်လည်း ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေ၀င် ဦးဆောင်းသော အိမ်စောင့်
အစိုးရလက်ထပ်တွင် ဖျက်သိမ်းခဲ့ပြီး ၁၉၈၉ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နေ့တွင်
ပြန်လည်ပြုပြင်မွန်းမံ၍ မတ်လ ၃၁ ရက်နေ့တွင် ပြီးစီခဲ့ပြီး
ကန်တော်မင်ပန်းခြံဟု ခေါ်တွင်ရာ ယနေ့တိုင်ဖြစ်သည်။
အဆိုပါ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ
ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပြောင်းလဲနိုင်ရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ
လိုအပ်သော သမိုင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းနေသည့်အတွက်
ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ ဦးဥတ္တမ ပန်းခြံအဖြစ်
သတ်မှတ်ခဲ့စဉ် ရှိခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်များကို ယဉ်ကျေးမှု
ဝန်ကြီးဌာနသို့ ပြည့်ပြည့်စုံစုံ ပို့ပေးလိုက်ပြီဖြစ်ကြောင်း နိရဉ္စရာတွင်
ဖော်ပြထားသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)
No comments:
Post a Comment