အမေရိကန်နိုင်ငံ အမာရီလိုမြို့တွင် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ လူငယ်အဖွဲ့ဝင်များ စည်းဝေးဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ် ၁၀ ရက် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီထိ ၂ နာရီကြာ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ လူငယ်အဖွဲ့ဝင်များ၏ စည်းဝေးဆွေးနွေးပွဲကို အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ ဘဏ္ဍာရေးမှူး တစ်ဦးဖြစ်သူ ဦးမောင်ရွှေ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူငယ်အဖွဲ့ဝင် ၂၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဗုဒ္ဓဘာသာ သာသနာဆိုင်ရာ ပွဲလမ်းသဘင်များကျင်းပရာတွင် အားနည်းချက်မရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ လူငယ်များဆွေးနွေးနေကြစဉ်။ ဗုဒ္ဓဘာသာ သာသနာဆိုင်ရာ ပွဲလမ်းသဘင်များကျင်းပရာတွင် အားနည်းချက်မရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ လူငယ်များဆွေးနွေးနေကြစဉ်။
ဗုဒ္ဓဘာသာ အသင်း၏ လူငယ်အဖွဲ့ဝင်များ စည်းဝေးဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အမာရီလိုမြို့ရှိ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် အခါအားလျော်စွာ ကျင်းပပြုလုပ်သည့် ဘာသာသာသနာဆိုင်ရာ ပွဲလမ်းသဘင်များတွင် လူငယ်အဖွဲ့အနေနှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းတော်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အသင်း၏ ဦးဆောင်လူကြီးများနှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် လုပ်ဆောင်သွားကြမည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း လူငယ်အဖွဲ့ခေါင်းဆောင် ကိုအောင်ထွန်းလင်းက ပြောကြားသည်။
" ကျနော်တို့  မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ဘာသာသာသနာဆိုင်ရာ ပွဲတော်တွေ ကျင်းပပြုလုပ်ကြတဲ့အခါ ကျနော်တို့ လူငယ်အဖွဲ့ဝင်တွေအနေနဲ့ ပူးပေါင်းပါဝင် တာဝန်ယူ လုပ်ဆောင်ကြတဲ့အပိုင်းမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိနေတာကို ဘယ်လိုပြုပြင် လုပ်ဆောင်ကြမယ်ဆိုတာရယ်၊ ဒုတိယ တချက်က ကျောင်းတော်ဆိုင်ရာ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ လူငယ်အဖွဲ့ဝင်တွေအနေနဲ့ မိမိကျရာတာဝန်တွေကို ဒီအသင်းရဲ့ ဦးဆောင်လူကြီးတွေနဲ့အတူ လက်တွဲပြီးတော့ တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားနိုင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ စတဲ့အကြောင်းအရာတွေကို အဓိက ၀ိုင်ဝန်းဆွေးနွေးတိုင်ပင်ကြတာပါ"ဟု သူကဆိုသည်။
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းကို (၁) ဘဏ္ဍာရေးကော်မတီ၊ (၂) စရင်းစစ်ကော်မတီ၊ (၃) သတင်းနှင့်ပြန်ကြားရေးကော်မတီ၊ (၄) ပြုပြင်ထိန်းသိမ်းရေးကော်မတီနှင့် (၅) လူမှုအထောက်အကူပြုကော်မတီ စသည့် ကော်မတီငါးရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားကာ ၄င်းကော်မတီ အသီးသီးတွင် လူငယ်အဖွဲ့ဝင် အသီးသီးက ကော်မတီတာဝန်ခံ အသီးသီးနှင့် လက်တွဲပူးပေါင်းလျက် ဟန်ချက်ညီညီ လုပ်ဆောင်သွားကြမည်ဖြစ်ပြီး ကျောင်းတော်ဆိုင်ရာနှင့် ပတ်သက်၍ သော်လည်းကောင်း၊ အသင်းဆိုင်ရာနှင့် ပတ်သက်၍ သိသင့်သိထိုက် လေ့လာသင့် လေ့လာထိုက်သည်များကို မေးမြန်းနည်းယူကာ လေ့လာလုပ်ဆောင်သွားကြရန် အစည်းအဝေးတက်ရောက်လာသည့် လူငယ်အဖွဲ့ဝင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ လူငယ်အဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၂၀ ကျော်ရှိပြီး အဖွဲ့ဝင်အများစုမှာ အထက်တန်းကျောင်းသား/ ကျောင်းသူများနှင့် ကောလိပ်ကျောင်းသား/ ကျောင်းသူများဖြစ်ကြကြောင်း သိရသည်။
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အဖွဲ့ဝင်လူငယ်များနှင့် ခေါင်းဆောင်တချို့ကိုတွေ့ရစဉ်။ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အဖွဲ့ဝင်လူငယ်များနှင့် ခေါင်းဆောင်တချို့ကိုတွေ့ရစဉ်။
လွန်ခဲ့သည့် သြဂုတ်လ ပထမပတ်ထဲတွင် အမာရီလိုမြို့ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ၄ ရက်တာ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သော နွေရာသီ ယဉ်ကျေးလိမ္မာ ရင်သွေးရတနာများ သင်တန်းတွင် လူငယ်အဖွဲ့ဝင်များက ဇေယျသုခကျောင်းထိုင်ဆရာတော် အရှင်နံန္ဒ၀ံသနှင့် တွဲဖက်၍ သင်တန်းသူ/သင်တန်းသား ရင်သွေးရတနာများ၏ အတိုင်ပင်ခံပုဂိုလ်များအဖြစ် တာဝန်ယူဆောင်ရွက်ကာ အခြေခံစာရိတ္တ၊ ဗုဒ္ဓ၀င်အကျဉ်း၊ ဘုရားဝတ်ပြု ဆုတောင်းမေတ္တာပို့နှင့် ယဉ်ကျေးမှုဆိုင်ရာ သိကောင်းစရာအဖြာဖြာတို့ကို လေ့ကျင့်သင်ကြား ပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
အမာရီလိုမြို့ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် ဘာသာ သာသနာရေးဆိုင်ရာ လုပ်ငန်းများ၊ ပွဲတော်များ ကျင်းပပြုလုပ်သည့်အခါတိုင်းတွင် လူငယ်အဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင် လုပ်ဆောင်မှုများကို ကျောင်းထိုင်ဆရာတော် အရှင်နန္ဒ၀ံသနဲ့အတူ အသင်း၏ ဦးဆောင်သူအများက အထိုက်အလျောက်တခုထိ လေးစားဂုဏ်ယူ အသိအမှတ်ပြုမှုများရှိကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)