Wednesday, July 3, 2013

ရှိလျှက်နှင့် မွဲ


ယနေ့ ဇူလိုင်လ ၁ ရက်နေ့သည် ရခိုင့်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ စတင် တင်ပို့သော နေ့ရက်ဖြစ်သည်။ လက်ရှိတွင် တစ်နှစ် ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ နှုန်းဖြင့် ပို့ဆောင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ် ကုဗမီတာ ၁၂ ဘီလျံ နှုန်းဖြင့် ပို့ဆောင်သွားမည် ဖြစ်သည်။ ပိုက်လိုင်းဖြတ်သန်းသွားလာရာ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်း ဒေသ တစ်လျှောက်ရှိ ဆုံးရှုံးသွားသော လယ်မြေဧကပေါင်းများစွာအတွက် ထိုက်သင့်သော လျော်ကြေးများကိုမူ အပြီးသတ် ပေးအပ်ခြင်း မရှိသေးဘဲ သဘာဝဓာတ်ငွေ့ထုတ်လွှတ်မှုကို စတင်လိုက်ခြင်းဖြစ်သည်။
ပြည်သူလူထုသည် ယခင်နအဖ အစိုးရနှင့် ချုပ်ဆိုခဲ့သော ရွှေဂတ်စ်ထုတ်လုပ်ရေး စာချုပ်စာတမ်းများကို ယနေ့ထိ အလုံးစုံသိရှိခွင့် မရသေးပေ။ ပွင့်လင်းမြင်သာမှု လုံးဝမရှိသော နအဖချုပ်ဆိုခဲ့သော စာချုပ်ထဲက တစ်ခုဖြစ်သည်။ ပိုက်လိုင်းကိစ္စ၏ အဓိက တာဝန်ရှိ ကုမ္ပဏီဖြစ်သော China National Petroleum Corporation (CNPC) ၏ Corporate Social Responsibility (CSR) မှာလည်း အရေမရ အဖတ်မရ သာ ရှိနေသေးသည်။
ထူးခြားမှုတစ်ရပ်မှာ ယနေ့ ဓာတ်ငွေ့မထုတ်ခင် တစ်ရက်အလိုတွင် သံတွဲတွင် လူမျိုးရေး၊ ဘာသာရေး သဖွယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားခြင်းဖြစ်သည်။ ဓာတ်ငွေ့ထွက်ရှိရာ ဒေသနှင့် မနီးမကမ်းတွင် ယခုကဲသို့ ပုဒ်မ ၁၄၄ ထုတ်သည်အထိ ဖြစ်သွားခြင်းမှာလည်း ပင်မဓာတ်ငွေ့ပိုင်ဆိုင်သူ ဒေသခံရခိုင်ပြည်သူများအား အာရုံပြောင်းလဲခြင်းများလားဟုပင် တွေးတောစရာဖြစ်နေပေသည်။ ယင်းရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကြောင့် ဓာတ်ငွေ့ကိစ္စထက် ဘင်္ဂလီအရေးကို အာရုံပြောင်းသွားကြကာ နိုင်ငံတကာတွင် ဘင်္ဂလီများကို လူအများသနားမှု ပိုလာကြပြီး ရခိုင်များမှာ မိစ္ဆာဓိဌိများသဖွယ် နာမည်ပျက်စော်ကားခံရခြင်းသာ အဖတ်တင်ရလေတော့သည်။
မိမိခြံနောက်မှ ဒေါ်လာ ဘီလီလျံရှိ သယံဇာတများ ဆုံးရှုံးရခြင်း၊ ဓာတ်ငွေ့ကိစ္စတွင် လူတစ်ဦး၏ အခြေခံ ပြောရေးဆိုခွင့်များ ယနေ့ထိ ပြည့်ပြည့်၀၀မရှိခြင်း၊ ပြည်သူက ရွေးကောက်တင်မြောက်ထားသော လွှတ်တော်အမတ်များပင်လျှင် ထဲထဲဝင်ဝင် လုပ်ကိုင်နိုင်လောက်အောင် မရှိခြင်း စသည့် Voice မရှိ၊ Choice မရှိ၊ Political Representation မရှိသည့် ဒေသခံပြည်သူများ၏ ဆုံးရှုံးမှုများကို မှတ်တမ်းတင်မှုများမှာ လွန်စွာ အားနည်းနေသေးသည်။ ယုတ်စွအဆုံး ရခိုင်ပြည်သူများပင်လျှင် မိမိဆုံးရှုံးမှုများကို တောင်းဆိုရကောင်းမှန်းမသိအောင် အလွန်ပင် အားနည်းနေသေးကြောင်း တွေ့ရှိရသည်။ မိမိဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ RNDP ၏ တောင်းဆိုချက်ကိုလည်း လက်ရှိအစိုးရမှ လိုက်လျူရှုထားဆဲပင်ဖြစ်သည်။
တနင်္သာရီကမ်းရိုးတန်းမှ သဘာဝဓာတ်ငွေ့ ထွက်နေသည်မှာ ကြာရှိနေပြီ။ သို့သော် ၄င်းဒေသခံများမှာလည်း ယခုထိ မီးပုံမှန် မရကြသေးပေ။ ၀ယ်သူထိုင်းနိုင်ငံမှာ မီးလင်း၍ ပိုင်ရှင်ဒေသခံများမှာ မီးပင် ပုံမှန်မရပဲ မီးတာခကြေးငွေများကိုပင် ပြည်မထက် ၁၀ ဆ (တစ်ယူနစ် ၃၅၀ ကျပ်) ပို၍ ပေးနေကြရသည်။
ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၀၃ ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရှိရသည်။ ၄င်းရရှိငွေများ၏ အသီးအပွင့်များကို ဒေသခံများမှာ ယခုထိ သိသိသာသာ ခံစားခွင့် မရရှိကြသေးပေ။
ပြီးခဲ့သည့်အပတ်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း မဂ္ဂ၀ပ် ၅၀၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးစက်ရုံအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။ နိုင်ငံတကာရှိ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများသည် မိမိဒေသမှ ထွက်ရှိသော ကုန်ကြမ်းအပေါ်မူတည်၍ ထုတ်လုပ်ကြသဖြင့် မိမိဒေသမှ အလျှံပယ်ထွက်ရှိသော သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေးထုတ်မည်ဟု ဆိုခြင်းအား မယုံနိုင်ဖွယ်ပင်။ ကျောက်မီးသွေးဖြင့် ထုတ်လုပ်မှုသည် နောက်ဆုံးပေါ် Clean Coal Technology ရှိလျှင် ယခင်ကထက် ဘေးထွက်ဆိုးကျိုးနေသည်ဟု ဆိုလာကြသော်လည်း သူတို့ပြောသကဲ့သို့ Clean မဟုတ်ချေ။ Not too bad အဆင့်သာ ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း ၄င်း Clean Coal Technology ကိုပင် လက်လှမ်းမှီမှီ လုပ်ဆောင်မည်လား ဆိုသည်ကိုပင် မသေချာသေးပေ။
နိုင်ငံတကာတွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကျောက်မီးသွေး အစား သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်များကို ပြောင်းလဲအသုံးပြုလာကြသည်။ အမေရိကန်ပြည်ထောင်စုတွင် မကြာသေးခင်နှစ်များအတွင်း ကျောက်မီးသွေးစက်ရုံများကိုပင် သဘာဝဓာတ်ငွေ့သုံး စက်ရုံများအဖြစ် ပြောင်းလဲ အသုံးပြုလာနေကြပြီဖြစ်သည်။ ဈေးနှုန်းချိုသာ၍ ဘေးထွက်ဆိုးကျိုးများသော နည်းကို သုံးလာကြသည်မှာ Common sense ဖြစ်သည်။ လူပြိန်းတောင် နားလည်နိုင်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် နာမည်ကောင်း မရှိသော တရုတ်နိုင်ငံသည်ပင်လျှင် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော စွမ်းအင်ထုတ်လုပ်မှုတွင် ကျောက်မီးသွေးအား သုံးစွဲနေရမှုအတွက် အစားထိုးလောင်စာကို ပြင်ဆင်နေပေပြီ။ ယင်း၏ တစိတ်တဒေသအဖြစ် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့အပြင် တခြားစွမ်းအင်အရင်းအမြစ်များကို အာမခံထားနိုင်ဖို့ ကြိုးစားလျှက်ရှိခြင်း ဖြစ်သည်။
သို့သော် သဘာဝဓာတ်ငွေ့ထွက်သော ဒေသခံရခိုင်ပြည်သူများမှာမူ တစ်ယူနစ် ၅၀၀ ၀န်းကျင်၊ တနင်္သာရီဒေသခံ များမှာ တစ်ယူနစ် ၃၅၀ ကျပ်နှုန်း ပေးကာ မိအေးနှစ်ခါ မက နာနေကြရသည်။ ဘုရားပုထိုးများမှာ ပြည်သူလူထု လှူမှ မီးလင်းကြရသည်။ ပြည်သူလူထုမှာလည်း မီးပုံမှန်မရကြ၍ အင်တာနတ်ဆိုသည်ကိုပင် ကြားသာကြား၍ မမြင်ဘူးသူများ အလျှံပယ်။ စီးပွားရေးလုပ်ငန်းရှင်များမှာလည်း စွမ်းအင်စရိတ်စခ ကြီးမားမှုကြောင့် ကုန်ထုတ်စရိတ်ကြီးမားကာ ဈေးကွက်တွင် ဈေးနှုန်းချိုချိုသာသာ မရောင်းချနိုင်ပဲ ပြည်မကုမ္ပဏီများနှင့်မယှဉ်ပြိုင်နိုင်ကြပေ။ ဖောင်စီးယင်း ရေငတ်သည့်အပြင် ဖောင်ကလေးကိုပင် ယှက်ကာ ယှက်ကာနှင့် အားအင်နည်းပါးစွာ လှော်နေကြရရှာပြီ။ Choice မရှိ၊ Voice မရှိ Equality မရှိသည့် ဘ၀တွင် ဆက်လက်ပတ်ရှာလည်နပန်းလုံးနေကြရအုံးမည်ပင် ဖြစ်သည်။

(သတင်းအရင်းအမြစ်-  https://www.facebook.com/kyawhtooaung)

No comments: