Thursday, August 22, 2013

ရခိုင်ပြည်နယ်အတွင်း အရက်ကုမ္ပဏီများ ဈေးကွက်ချဲ့ထွင်လာပြီး အရက်တု ထုတ်လုပ်မှုများ ရှိနေ

 
ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းအရက် ကုမ္ပဏီများ ဈေးကွက်ချဲ့ထွင်လာနေပြီး ပြည်နယ်အတွင်းမှ အရက်တု ထုတ်လုပ်ကာ တရားမ၀င် ဖြန့်ဖြူးရောင်းချခြင်းများလည်း ရှိနေကြောင်း သတင်းရရှိသည်။
ယင်းသို့ တရားမ၀င် အရက်ထုတ်လုပ် ရောင်းချသူများအား ပြည်သူများ အနေဖြင့် တာဝန်သိသိ သတင်းပေးတိုင်ကြားရန် လိုအပ်ကြောင်း ရဲအရာရှိ တစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် တရားမ၀င် အရက်ထုတ်လုပ် ရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူမှုများ ရှိနေကြောင်းနှင့် ပြည်သူများကလည်း သတင်းပေးခြင်းဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားသည်။
အရက်အတု ပြုနေသူများမှာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအကြာ တရားမ၀င် ဆောင်ရွက်နေခြင်းဖြစ်ပြီး အများအားဖြင့် လူသုံးများသည့် အရက်များအား အတုထုတ်လုပ် ရောင်းချနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း အရက်တံဆိပ်မျိုးစုံ ၀င်ရောက်နေပြီး အရက်ဖြူဆီများအား ရန်ကုန်မှမှာယူကာ ဘီအီးအရက်ဖြူအဖြစ် ရောင်းချနေကြောင်းလည်း သိရသည်။ များမကြာမီက အရက်သောက်သုံးသဖြင့် ပေါက်တောမြို့နယ်အတွင်း လူသေဆုံးမှုများနှင့် ဆေးရုံတက် ကုသခံရမှုများ ရှိခဲ့ကြောင်းနှင့် အဆိုပါ လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည့် အရက်အား ရောင်းချသူများအား ဖော်ထုတ်ကာ အရေးယူခြင်းများနှင့် ဓာတုဗေဒ စမ်းသပ်ခြင်းများ ပြုလုပ်ရန် ပို့ဆောင်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ အနီးပတ်ဝန်းကျင် ကျေးရွာတွင် ဒေသထွက် အုန်းရည် (ဓနိရည်)အား အသုံးပြုပြီး အရက်ထုတ်လုပ်မည့် စက်ရုံတစ်ခုကို ထူထောင်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။ ယင်းစက်ရုံမှ ထွက်ရှိလာ သောအရက်များအား ရခိုင်ပြည်နယ် အတွင်း၌ အောက်ခြေလူတန်းစားများအတွက် အဓိကထား၍ ဖြန့်ချိမည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး စနစ်ဖြင့် တင်ပို့သည့် ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံထုတ် အရက်များ ပါဝင်ကြောင်းနှင့် မောင်တောခရိုင် တစ်ခုတည်းသို့ တစ်လလျှင် အရက်ပုလင်း သုံးသိန်းခန့် တင်ပို့ရကြောင်း စစ်တွေမြို့မှ ကုန်ပို့ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group၊ ဓာတ်ပုံ- အင်တာနက်)

No comments: