Monday, August 12, 2013

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တေးနား စစ်တွေတွင် ဆန္ဒပြခံရ

Get-out-Quintana
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ယနေ့နံနက်ပိုင်းက ရောက်ရှိလာသည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တေးနားကို ဒေသခံများက စစ်တွေမြို့ လေယဉ်ကွင်းနှင့် သင်္ဘောဆိပ်တွင် ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ ကန့်ကွက်ရခြင်းမှာ ကင်တေးနားသည် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တစ်ဦး ဖြစ်သော်လည်း သမာသမတ် မရှိဘဲ ဘက်လိုက် ဆောင်ရွက်မူများ ရှိနေ၍ ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေ က ပြောသည်။ “ အဓိကတော့ ကျွန်တော်တို့ ဆန္ဒပြရတာက မြန်မာနိုင်ငံ အချုပ်အချာအာဏာကိုလေးစားဖို့။ နောက်ပြီး သမ္မတ ဦးသိန်းစိန်က ပြတ်ပြတ်သားသားပြောထားတယ်။ မြန်မာနိုင်ငံမှာလူမျိုးပေါင်း ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ ဆိုတာမရှိဘူး။ ဒါကို ရိုဟင်ဂျာဆိုတဲ့စကားလုံးကို နိုင်ငံတကာမှာသုံးပြီး နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုတာဟာ မြန်မာနိုင်ငံ အချုပ်အချာအာဏာကို မလေးစားတဲ့ အပြင် တစ်ဘက်သတ် မြန်မာနိုင်ငံ တိုင်းရင်းသားတွေကို ဖိအားပေးတဲ့ သဘောဖြစ်တယ်။ ကုလ သမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် တစ်ဦးက ခုလို ဘင်္ဂလီတွေ ဘက်က တစ်ဘက်သတ်လိုက်ပြီး ဆောင်ရွက် နေတဲ့အတွက် ကျွန်တော်တို့က ခုလို ဆန္ဒပြရတာဖြစ်ပါတယ်။” ဆန္ဒပြသူများက “ Bangli instigator Quintana – Get out Quintana” ဘင်္ဂလီသွေးထိုးလှုံဆော်သူ ကင်တေး နား ထွက်သွား ” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ကာ လူပေါင်း ၆၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်သည်။ ရခိုင်နိုင်ငံရေးဝါရင့်သက်ကြီးများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသို့ ပေးပို့ သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း မစ္စတာ ကင်တေးနားမှတစ်ဆင့် ပေးပို့ လိုက်ကြောင်း ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါ်မညိုအေးကပြောသည်။
Get-out-Quintana-Myanmar
 “ ကင်တေးနားရဲ့ လူ့အခွင့်အရေးအစီရင်ခံစာနဲ့ ပတ်သတ်ပြီး ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ ကျမတို့ ရခိုင်ပြည် က ၀ါရင့်နိုင်ငံရေးသမားတွေ က အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေး လိုက်ပါတယ်။ ဒီစာဟာအလွန်အရေးကြီးတယ် ဒါကြောင့် ဒီစာကို ဘန်ကီမွန်း လက်ထဲကို အရောက်ပို့ပေးဖို့ လိုတယ်။ သူလက်ထဲကိုမရောက်ရင် မဖြစ်တဲ့အတွက် ဖြစ်တဲ့နည်းနဲ့ ရောက်အောင်ပို့ပေးဖို့လည်း ပြောလိုက်ပါတယ်” ဟု ဒေါ်မညိုအေးက ရေးသားထားသော စာနှင့် ပတ်သက်ပြီး ပြောကြားသည်။ အဆိုပါ အိတ်ဖွင့်ပေးစာကို ဆရာကြိး ဦးဘသိန်း၊ သမိုင်းသုတေသီ ဦမောင်ဗသိန်း၊ ရှေ့နေ ဦးကျော်သန်း အပါအ၀င် ရခိုင်ဝါရင့် နိုင်ငံရေးသမားများ စုပေါင်းရေးသားထားသည့် စာဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကန့်ကွက်ခံရသည့်အတွက် မစ္စတာကင်တေးနားမှ စိတ်မကောင်းဖြစ်မိကြောင်း၊ ဒီမိုကရေစီနည်းအရ ဆန္ဒပြပိုင်ခွင့်ရှိသည့်အတွက် မိမိအနေနှင့်လည်း လက်ခံရမည်ဟု ပြောဆိုခဲ့ ကြောင်း ဒေါ်ညိုအေးကပြောသည်။ ဆန္ဒထုတ်ဖော်သူများကို သက်ဆိုင်ရာ အာဏာပိုင်များမှ လာရောက်စောင့်ကြည့်မှုများရှိခဲ့ကြောင်း သိရသည်။ မစ္စတာ ကင်တေးနားမှာ ယခုအကြိမ် မြန်မာနိုင်ငံသို့လာရောက်ခြင်းမှာ ၆ ကြိမ်မြောက်ဖြစ်ပြီး ရက်ပေါင်း ၁၀ ကျော် မြန်မာနိုင်ငံတွင် နေထိုင်မည်ဖြစ်သည်။ ယခုတစ်ခေါက် သူ၏ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်အပါအ၀င် နေရာအများအပြား သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ-မောင်အေး)

No comments: