လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်
လွန်ခဲ့သည့် ဇွန်လကမှ အသစ်ဖွဲ့စည်းခဲ့သော ရခိုင်အမျိုးသားပါတီ၏
အခြေအနေအပါအ၀င် ရခိုင်ပြည်၏ စိန်ခေါ်မှုများနှင့် ရခိုင်လူမျိုးတို့၏
အနာဂတ်အရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့
တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် သြဂုတ်လ ၃ ရက်နေ့က နေ့လယ် (၂)နာရီကနေ
(၅)နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
RNDP ပါတီအနေဖြင့်မဟုတ်ဘဲ တသီးပုဂ္ဂလအနေဖြင့်
စာရေးဆရာအဖြစ်တက်ရောက်ခဲ့သော ဆရာ ဦးဦးလှစော၊ ရခိုင်သားကြီးစာပေမှ
ဦးဦးလှမြင့်၊ မြန်မာနိုင်ငံဌာနေ သတင်းထောက်(Reuter)မှ ဦးအောင်လှထွန်း၊
ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဌ ဦးတင်ထူးအောင်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး
(YLC)မှ ဒေါ်လှလှရီတို့က အဆိုပါဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေး၍
တက်ရောက်လာသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်
ဥပဒေပညာရှင်များကပါ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာရေးဆရာ ဦးဦးလှစောက "
ဆွေးနွေးတာကတော့ ပွဲဦးဆောင်တဲ့သူကပေးတဲ့ ခေါင်းစဉ်အောက်မှာပဲ ကျနော်တို့က
ရောက်လာတဲ့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့သူတွေက အမြင်အသီးသီးတွေကို
ဖလှယ်ကြတယ်။ အပြန်အလှန်ဆွေးနွေးကြတယ်။ အဲဒီသဘောမျိုးပါပဲ။
အကြောင်းအရာတွေကတော့ အများကြီးပဲ။ အဲဒီ အကြောင်းအရာတိုင်းကို
လူအားလုံးနီးပါးက ၀ိုင်းပြီးတော့ ချပြီးဆွေးနွေးကြတာပါ။ " ဟု ပြောသည်။
ပထမဆုံး စဆွေးနွေးသည့် အကြောင်းအရာများမှာ
ရခိုင်ပြည်နိုင်ငံရေးအကြောင်းကို အကျဉ်းချုပ်ပြီး သုံးသပ်ကြကြောင်း၊
ရခိုင်ပြည်နိုင်ငံရေးသည် မြောက်ဦးခေတ်ကျရှုံးသွားသည်မှစ၍ ရခိုင်အချုပ်အခြာ
အာဏာကျဆုံးခဲ့ရာ ယနေ့တိုင်ဖြစ်ကြောင်း၊ ရခိုင်ပြည်ကို ရခိုင်ပြည်အမျိုးသား
အစိတ်စိတ်အမွှာမွှာ အားလုံးဘက်ပေါင်းစုံ ပြိုကွဲပျက်စီးနေခြင်းကို
မည်သို့တည်ဆောက်ကြမည်နည်း စသောအချက်များကို အကျဉ်းချုပ် သုံးသပ်ကြကြောင်း၊
ဆက်လက်ပြီး လက်နက်ကိုင်၍ ရခိုင်ပြည် အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေကြသလို
တစုံတရာ ဒီမိုကရေစီ Platform တစ်ခု ပွင့်လာသည့်အတွက်ကြောင်း ဒီမိုကရေစီ
Platform ထက်မှ လှုပ်ရှားနေသော ပါတီများလည်းရှိနေကြောင်း၊ နောက်ပြီး
ရခိုင်တို့ ၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီလမ်းကြောင်းထက်မှာဆိုလျှင်
မဖြစ်မနေ ဖြတ်သန်းရမည်ဟု စသောအကြောင်းများကို ဆွေးနွေးကြကြောင်း သူကဆိုသည်။
" ၂၀၁၅ ပြီးတဲ့အခါမှာ
ရခိုင်ပြည်နိုင်ငံရေးအနာဂတ်မှာ ဘာတွေဘာတွေ ဖြစ်လာမလဲ။ စိန်ခေါ်မှုတွေ
ဘာတွေရှိနိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ နောက်တစ်ခုက ကျနော်တို့ ဒီမှာ
ရခိုင်နှစ်ပါတီ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဦးဆောင်ပါတီ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့
ရခိုင်တိုးတက်ရေးပါတီ နှစ်ခုကြားမှာ အမျိုးသားရေးပါတီ
တခုတည်းပေါင်းစည်းဖို့အတွက် ကြိုးပမ်းနေတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်လို့
ပွဲစီစဉ်သူတွေက မေးတဲ့အတွက်ကြောင့် ကျနော်ပါအ၀င် ငါးယောက်စလုံးက
အားလုံးတက်တက်ကြွကြွ ဆွေးနွေးကြပါတယ်။ အကောင်းမြင်ကြပါတယ်။ ဒါဟာ
ရခိုင်ပြည်နိုင်ငံရေးအတွက် ၀မ်းသာစရာ အလွန်တရာ အားရှိတဲ့ အချက်တစ်ခုအနေနဲ့
အားလုံးဝမ်းမြောက်နေကြပါတယ်။ " ဟု ပြောသည်။
ရခိုင်လူမျိုးတို့အတွက် အသစ်ဖွဲ့စည်းခဲ့သော
ရခိုင်အမျိုးသားပါတီ (ANP) အတွက် ၂၀၁၅ မှာ ဘယ်လောက် အတိုင်းအတာထိ
မျှော်လင့်ထားခြင်းနှင့် ပတ်သက်၍ စာရေးဆရာ ဦးဦးလှစောကို
ဆက်လက်မေးမြန်းခဲ့သည်။
" တက်ရောက်တဲ့ လူတွေကတော့
နှစ်ပါတီပူးပေါင်းခြင်းဟာ ရခိုင်ပြည်လူထုအတွက် အားကောင်းတယ်။
ရခိုင်ပြည်လူထုက အမျိုးသားရေးစိတ်ဓါတ် မြင့်မားတဲ့အတွက်ကြောင့် ဒီပါတီကို
တခဲနက်မဲပေးကြမယ်ဆိုပြီးတော့ ရခိုင်ပြည်မှာ အောင်မြင်ဖို့ ရခိုင်အစိုးရတရပ်
အကောင်အထည်ပေါ်လာဖို့ မျှော်လင့်တယ်ပေါ့။ တဖက်မှာ ဘာတွေအခက်အခဲရှိလဲဆိုရင်
ဖွဲ့စည်းအုပ်ချုပ်ပုံမှာ သမ္မတကနေပြီးတော့ ၀န်ကြီးချုပ်တွေကို
ဆွဲခန့်လုပ်ထားတဲ့ အတွက်ကြောင့် အခု ကြံ့ခိုင်ရေးပါတီက ပါလာတာမျိုး
အဲဒီအနေအထားမျိုးကို ဘယ်လိုကျော်လွှားမလဲဆိုတာ စဉ်းစားကြပါတယ်။ ဒါကြောင့် ဒီ
၂၀၁၅ ရွေးကောက်ပွဲ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းအုပ်ချုပ်ပုံ
ပြင်ဆင်ရေးကိစ္စကိုလည်း ဆွေးနွေးတာမှာ ပါပါတယ်။ " ဟု ပြောသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအား ပြင်ဆင်မယ်ဆိုလျှင်
မည်သည့်အချက်များကို ပြင်ဆင်သွားမည့်အကြောင်းကိုလည်း မေးမြန်းခဲ့ရာ
ပွဲဦးဆောင်သူများပေးသော အချက်အလက်တချို့ကို ဆွေးနွေးကြရာ အများစုက
သဘောတူကြကြောင်း ဆရာဦးဦးလှစောက ဆိုသည်။
အဖြူကဒ်ကိုင်ဆောင်ထားသော ဘင်္ဂလီကိစ္စနှင့် ပတ်သက်ပြီး ဆရာအား ဆက်လက်မေးမြန်းခဲ့ရာ
" ဟုတ်ပါတယ်။ ကျနော်တို့ ဆွေးနွေးတဲ့ အထဲမှာပါပါတယ်။ အမျိုးသမီး ဥပဒေသမား
တယောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတဲ့ အခါမှာလည်း
တခြားစိတ်ဝင်စားတဲ့ အမျိုးသား ဥပဒေ သမားတစ်ယောက်ကလည်း
အဖြူကဒ်ကိုင်ဆောင်တာတွေ တရားမ၀င်တဲ့အကြောင်း၊ မဲပေးခွင့်မရှိကြောင်း
ရွေးချယ်တင်မြောက်ခံခွင့်မရှိကြောင်း၊ အဖြူကဒ်ကိုင်ဆောင်သူတွေဟာ
နိုင်ငံသားမဟုတ် ကြောင်းကိုလည်း အကျယ်တ၀န်း ရှင်းလင်းပြီးတော့
ဆွေးနွေးခဲ့ကြပါတယ်။ " ဟု သူက ပြောသည်။
နောက်ထပ် ယခုလိုမျိုးဆွေးနွေးပွဲများ ထပ်လုပ်သွားမည့် အစီအစဉ်ရှိမရှိ မေးမြန်းကြည့်ရာ
" ဒီဆွေးနွေးပွဲက ပထမဆုံးအကြိမ်ပေါ့လေ။ ဒီဆွေးနွေးပွဲကတော့ ကျနော်တို့
ဒီမိုကရေစီ culture တစ်ခုပေါ့။ ဒီ culture က ကျနော်တို့ အရင်က မရှိခဲ့ဘူး။
လမ်းဘေးမှာထိုင်ပြီး ပြောဆိုဆွေးနွေး၊ ငြင်းကြတယ်။ လူထုရှေ့မှာ အယူအဆတွေကို
ဖလှယ်ကြတယ်။ နောက် တက်ရောက်လာတဲ့ လူတွေကလည်း မေးခွန်းတွေ မေးကြတယ်။ ဒီဟာက
ကောင်းတဲ့ လက္ခဏာပါ။ ဒီဟာကိုတော့ ဦးဆောင်ကျင်းပတဲ့ Arakan National Network
(ANN) နဲ့ Scholar Institute (SI) လူကြီးတွေနဲ့တော့ သူတို့
ရှေ့ဆက်ပြီးလုပ်ရမယ်။ တခြား Issue တွေကိုလည်း လုပ်သွားမယ်။ တခြား
ဖိတ်သင့်ဖိတ်ထိုက်တဲ့ လူတွေကိုလည်းဖိတ်ကြားမယ်။ သူ့ဆီက သဘောထားယူပြီး
အပြန်အလှန် ဆွေးနွေးလားမှုတွေ လုပ်လာမယ်လို့ပြောပါတယ်။ ဒီလိုလုပ်တာဟာ
ကောင်းပါတယ်။ အလားအလာကောင်းပါတယ်။ " ဟု ဆရာက ဆိုသည်။
ယခုလို ရခိုင်နိုင်ငံရေး
အနာဂတ်ဆွေးနွေးပွဲပြုလုပ်သလိုမျိုး မြန်မာနိုင်ငံရေး အနာဂတ်အရေး
တိုင်းရင်းသားများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းများ
ပြုလုပ်သွားမည့် အစီအစဉ်များကို နောက်ဆုံးအနေဖြင့် မေးမြန်းခဲ့ရာ ဆရာက
ယခုလိုဖြေကြားခဲ့သည်။
" အဲဒါတော့ လုပ်သင့်ပါတယ်။
အစီအစဉ်ရှိတာကတော နံပါတ်( ၁ )လုပ်သင့်တယ်၊ လုပ်မယ့်အခွင့်အခါပေးရင်တော
လုပ်ရမယ်လေ။ လုပ်မယ့်အခွင့်အခါပေးရင် လုပ်ဖို့ Resource လိုတယ်၊ နောက်ပြီး
နေရာထိုင်ခင်း၊ ငွေကြေးကုန်ကျမှု၊ အချိန် စသည်ဖြင့် အားလုံးအချက်အလက်တွေ
ပြည်စုံရင်တော့ ဒီဟာတွေကတော တစ်လတစ်ခါ နှစ်လတစ်ခါ ပုံမှန်လုပ်နေရင်
ကောင်းပါတယ်။ " ဟု ပြောသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)
No comments:
Post a Comment