နှစ်အနည်းကြာ သီချင်းဆိုခြင်းကို ရပ်ဆိုင်းခဲ့သည့် ရခိုင်အဆိုတော် ကိုခိုင်ဇော် တစ်ကိုယ်တော် သီဆိုထားသော " ဒီဇင်ဘာ ၃၁" အမည်ရှိ စီးရီးခွေသစ်ထွက်ရှိပြီး လွန်ခဲ့သော သြဂုတ်လ ၁၂ ရက်နေ့၊ ထိုင်းနိုင်ငံ၊ ဘန်ချလုံမြို့တွင် ကျင်းပခဲ့သော စစ်တွေဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်သည့်နေ့တွင် ပြုလုပ်သော အောက်မေ့ဖွယ် အခမ်းအနား၌ စတင်ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်အဆိုတော် ကိုခိုင်ဇော် သီဆိုထားသော December 31 စီးရီးခွေ Cover ။ ရခိုင်အဆိုတော် ကိုခိုင်ဇော် သီဆိုထားသော December 31 စီးရီးခွေ Cover ။
" ဒီဇင်ဘာ ၃၁ " စီးရီးခွေတွင် နိုင်ငံတိုင်း၌ရှိကြသော အမျိုးသားသီချင်းအပြင် ကမ္ဘာတည်သရွေ့ မိမိတို့နိုင်ငံတည်ရှိနေအောင်၊ အသက်ပေးပြီး မိမိတို့၏နိုင်ငံ မပျက်ပြား၊ မဆုံးရှုံးရအောင် အမျိုးသားအင်္ဂါရပ်နှင့် ပြည့်စုံပြီး ကိုးကွယ်သောဘာသာကို အဓိကထားအခြေခံကာ ရေးဖွဲ့ထားသော သီချင်းများလည်း ပါဝင်ကြောင်း အဆိုတော် ကိုခိုင်ဇော်မှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" ဒီအခွေထဲမှာ အရင်က You Tube မှာတင်ထားတဲ့ သီချင်းတွေထဲက အမျိုးသားသီချင်းတွေကို အမျိုးသားရေးနဲ့ ညီညွတ်အောင်လို့ လိုအပ်တဲ့စာသားတွေကို ပြန်ဖြည့်ပေးထားပါတယ်။ အဓိကတော့ နိုင်ငံတိုင်းမှာက အမျိုးသားသီချင်း ဆိုတာရှိတယ်။ ကိုယ့်နိုင်ငံ ကမ္ဘာတည်သရွေ့ တည်ရှိနေအောင် အသက်ပေးပြီးတော့ မိမိတို့ရဲ့နိုင်ငံ မပျက်ပြားရအောင်၊ မဆုံးရှုံးရအောင်ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံအောင်၊ ပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ ကိုးကွယ်တဲ့ဘာသာကို အဓိကထားပြီး လိုအပ်တဲ့အကြောင်းအရာတွေကို ပိုပြည့်စုံအောင် ဖြည့်ထားတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
ရခိုင်လူမျိုးနှင့် ရခိုင်နိုင်ငံပြိုကွဲသွားခဲ့ရသော အကြောင်းအရာများကို ထင်ဟပ်စေပြီး ဒီဇင်ဘာ ၃၁ ရက်နေ့သည် ရခိုင်လူမျိုးများအတွက် အလွန်ကြေကွဲဖွယ် နေ့တစ်နေ့ ဖြစ်ခဲ့သည့်အပြင် နိုင်ငံပျောက်ကာ၊ မင်းဆက်လည်း ပျောက်ခဲ့ရသော နေ့တစ်နေ့ ဖြစ်သောကြောင့် နောက်နောင် ယခုလို စည်းလုံးမှု မပြိုကွဲစေရန်နှင့် ပြည်သူများ အမှတ်ရနေစေရန်အတွက် ယခုစီးရီးခွေအား " ဒီဇင်ဘာ ၃၁ " ဟု အမည်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၃၁ တစ်ကိုယ်တော် စီးရီးတွင် သီချင်းကိုးပုဒ် ပါဝင်ပြီး " ဒီဇင်ဘာ ၃၁၊ တံတိုင်းခြား အချစ်- ၂ နှင့် အမင် ဆိုသော သီချင်းသုံးပုဒ် " ကို အကြိုက်ဆုံးဖြစ်ကြောင်း၊ စီးရီးခွေ ထုတ်လုပ်ရန်အတွက် အမေရိကန်ရောက် ရခိုင်အမျိုးချစ်လူငယ်များမှ ထောက်ပံ့ခဲ့ကြကြောင်း ကိုခိုင်ဇော်မှ ပြောသည်။
" ဒီစီးရီးခွေမှာပါတဲ့ သီချင်းတွေအားလုံးကို ကျွန်တော် တစ်ယောက်တည်းပဲ ရေးတယ်၊ ဆိုတယ်၊ တီးတယ်၊ အားလုံးအပြီးပေါ့။ ဒီခွေထဲမှာ သီချင်း ၉ ပုဒ်ပါတယ်။ အရင်က You Tube မှာတင်ထားတဲ့ သီချင်းသုံးပုဒ်ကို ပြန်တီးပြီးတော့ အကောင်းဆုံး ဖြစ်အောင် ပြန်ဆိုထားပါတယ်။ အကြိုက်ဆုံး သီချင်းကတော့ ဒီဇင်ဘာ ၃၁၊ တံတိုင်းခြား အချစ်-၂ နှင့် အမင်ဆိုတဲ့ သီချင်းသုံးပုဒ်ကို ဆိုရတာ အကြိုက်ဆုံးပါ။ ဒီအခွေထုတ်ဖို့အတွက် အမေရိကန်ရောက် ရခိုင်မျိုးချစ် လူငယ်တွေက ဘတ်ငွေ ၂၂၀၀၀ ထောက်ပံ့ပေးတယ်။ ကျန်တာကိုတော့ ကျွန်တော်တို့မှာ စုဆောင်းထားတဲ့ ငွေတွေနဲ့ ထုတ်လိုက်တာပါ။" ဟု ဆိုသည်။
ယခုထွက်ရှိသော ဒီဇင်ဘာ ၃၁ စီးရီးခွေမှာ ၅ ခွေမြောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ပင်လယ်နားကလူ၊ ၂၀၀၁ ခုနှစ်တွင် ပစ္ဆိမကဗျာ၊ ၂၀၀၂ ခုနှစ်တွင် မိုးသောက်ကြယ်၊ စည်း အခွေနှင့် ယခုနှစ်တွင် ဒီဇင်ဘာ ၃၁ အခွေ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီးရီးခွေမှာ ငွေကြေးအဆင်မပြေမှုကြောင့် ၉ နှစ်ခန့် အချိန်ကြာခဲ့ပြီး ၄င်းခွေအား ဘန်ကောက်မြို့တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း၊ ရခိုင်ပြည်တွင်လည်း ဝံလက်ဖောင်ဒေးရှင်းမှတစ်ဆင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း၊ ၄င်းအပြင် ထိုင်းနိုင်ငံ နေရာအနှံ့အပြား၊ မလေးရှားနှင့် စင်္ကာပူ စသည့် ပြည်ပနိုင်ငံများကိုလည်း ဖြန့်ချိရန် စီစဉ်ထားကြောင်း သိရသည်။
ရခိုင်ပြည်တွင် ဝံလက်ဖောင်ဒေးရှင်းမှတစ်ဆင့် ဖြန့်ချိပေးသော " ဒီဇင်ဘာ ၃၁ " တစ်ကိုယ်တော်စီးရီးခွေ ရောင်းချခြင်းမှ ရရှိလာသော ငွေများကို ဝံလက်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ခ်ျမှ မောင်တောမြို့ဒေသသို့ ခိုလှုံရန် ဝင်ရောက်လာကြသော ရခိုင်ပြည်သူများကိုလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်အဆိုတော် ကိုခိုင်ဇော်မှ တစ်ကိုယ်တော် သီဆိုထားသော အမျိုးသားရေးအတွက် အထာက်အကူဖြစ်စေမည့် "ဒီဇင်ဘာ ၃၁" စီးရီးခွေအား ၀ယ်ယူအားပေးလိုပါက Email: kathayyaw081@gmail.com , Phone: (+66) 080-509-4232, 084-152-4195 ကို ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါသည်။
(သတင်းအရင်းအမြစ်- Arakan Times)