ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား သြဂုတ်လ ၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးနောက် ၄င်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဖော်ဆောင် လုပ်ကိုင်ခဲ့ကြသည့် ဆပ်ကော်မတီ အသီးသီး၏ စုံညီအစည်းအဝေးကို သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂း၀၀နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ရုံး၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဖော်ဆောင် လုပ်ကိုင်ခဲ့ကြသည့် ဆပ်ကော်မတီ အသီးသီး၏ စုံညီစည်းဝေး။ (ဓါတ်ပုံ - 8888 silver jubilee ဖေ့စ်ဘုတ်)ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဖော်ဆောင် လုပ်ကိုင်ခဲ့ကြသည့် ဆပ်ကော်မတီ အသီးသီး၏ စုံညီစည်းဝေး။ (ဓါတ်ပုံ - 8888 silver jubilee ဖေ့စ်ဘုတ်)
စုံညီအစည်းအဝေးတွင် ကျင်းပရေးလုပ်ငန်းကော်မတီကိုယ်စား ကိုမြအေးက ပဏာမ ကျေးဇူးတင်စကား ပြောကြားပြီး ၈၈မျိုးဆက်မှ မင်းကိုနိုင်က ငွေရတု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဖော်ဆောင် လုပ်ကိုင်ခဲ့ကြသည့် ဆပ်ကော်မတီ အသီးသီးမှ ကော်မတီဝင်များနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြသူ အားလုံးအား ကျေးဇူးတင် ဂုဏ်ပြု စကားပြောကြားခဲ့ရာ ...
''စုပေါင်းဦးဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှုများကြောင့် ငွေရတု အခမ်းအနားကြီး အောင်မြင်ခဲ့ရကြောင်း၊ လက်ရှိစုစည်းထားနိုင်မှုကို ဆက်လက် သယ်ဆောင်သွားကြကာ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး စသည်တို့ကို ဆက်လက် လုပ်ဆောင်သွားကြရန်လိုကြောင်းနှင့် မျိုးဆက်သစ်များ၏ ပူပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြုကြရမည် ဖြစ်ကြောင်း၊ ငွေရတု အခမ်းအနားသည် မျိုးဆက်သုံးဆက် တွေ့ဆုံခဲ့ကြသည့် အခမ်းအနားလည်းဖြစ်ကြောင်း" စသည်ဖြင့် ထည့်သွင်းပြောကြားကြောင်း သိရသည်။
ယင်းနောက် ကိုမြအေးနှင့် ကိုဋ္ဌေးကြွယ်တို့က ဆက်လက်ဆောင်ရွက်ကြမည့် အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး စုံညီအစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံဥာဏ်များပေးကြကာ စုံညီအစည်းအဝေးကို မွန်းလွဲ ၃း၃၀ နာရီ၌ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
နောက်တစ်ကြိမ် စုံညီအစည်းအဝေးကို သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ခေတ္တတည်းခိုရန် ခွင့်ပြုခဲ့သော ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ကျိက္ကဆံ ဓမ္မပီယ သာသနာ့ရိပ်သာ ကျောင်းတိုက်မှ ဆရာတော် အရှင်သံဝရာလင်္ကာရအား ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ (ကိုယ်စား) ဧည့်ခံကြိုဆိုရေးနှင့် နေရာချထားရေး ဆပ်ကော်မတီမှ သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၅း၀၀ နာရီတွင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် နဝကမ္မအလှုငွေ ကျပ် သုံးသိန်း(၃၀၀,၀၀၀)ကျပ်ကို အဆိုပါ ကျောင်းတိုက်သို့ သွားရောက်ကာ ဆပ်ကပ်လှုဒါန်းခဲ့ကြကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times)