Friday, August 16, 2013

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း အကျဉ်းထောင်နှစ်ခုရှိ အကျဉ်းသား ၁၂ ဦးနှင့် တွေ့ဆုံပြီး ပြည်နယ်တရားသူကြီးနှင့်ပါ တွေ့ဆုံ

Get-out-Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း အကျဉ်းထောင်နှစ်ခုရှိ အကျဉ်းသား ၁၂ ဦးနှင့် တွေ့ဆုံပြီး ပြည်နယ်တရားသူကြီးနှင့်ပါ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ရခိုင်ပြည်နယ်သို့ ခရီးစဉ်ပထမနေ့တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး ဘင်္ဂါလီ အကျဉ်းသား ငါးဦးနှင့် ရခိုင်တိုင်းရင်းသား အကျဉ်းသား နှစ်ဦးတို့ကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ကင်တားနားသည် သြဂုတ် ၁၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ဘူးသီးတောင်မြို့သို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ကာ မောင်တောမြို့နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများအား မီးရှို့ဖျက်ဆီး၊ လူသတ်မှုများ ကျူးလွန်ခဲ့သည့် ဘင်္ဂါလီငါးဦးနှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံမေးမြန်း ခဲ့သူများအနက် မောင်တောဆူပူ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများဖြစ်သည့် AZG ၀န်ထမ်းတစ်ဦး၊ ACF ၀န်ထမ်းတစ်ဦး၊ မောင်တောအကြမ်းဖက်မှုအတွင်း အသတ်ခံရသည့် ဒေါက်တာခင်မောင်လတ် နေအိမ်မှ အိမ်ဖော်တစ်ဦး၊ တာလီဘန်နှင့် ဆက်သွယ်သူတစ်ဦး အပါအ၀င် ဘင်္ဂါလီငါးဦးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် တိုင်းရင်းသား အကျဉ်းသားများထဲမှ အင်ဒင်ကျေးရွာမှ လူသတ်မှုဖြင့် ထောင်ကျခံရသူ တစ်ဦး၊ လောင်းကစားမှုဖြင့် ထောင်ကျခံရသူ တစ်ဦးတို့ကိုလည်း ခေတ္တတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ယင်းနောက် အကျဉ်းထောင်အတွင်း စားဖိုဆောင်၊ မိန်းမအကျဉ်းသားဆောင်၊ ဆေးပေးခန်းနှင့် အိမ်သာတို့ကို ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
ကင်တားနား၏ ဒုတိယနေ့ ခရီးစဉ်အဖြစ် သြဂုတ် ၁၃ ရက်က စစ်တွေအကျဉ်းထောင်သို့ သွားရောက်ကာ ဘင်္ဂါလီ အကျဉ်းသားများဖြစ်သော ဒေါက်တာထွန်းအောင်၊ ဦးကျော်လှအောင်၊ ဦးကျော်မြင့်တို့အား သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါက်တာထွန်းအောင်သည် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က မောင်တောမြို့ ဗလီမှအဆင်း ဘင်္ဂါလီလူအုပ်စုက ဗိုလ်မှူးရွာ (တိုင်းရင်းသားရွာ) ကို မီးရှို့မှုအတွက် တရားရုံးက ထောင်ဒဏ်ချမှတ် ထားသူဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဦးကျော်လှအောင်နှင့် ဦးကျော်မြင့်တို့ကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဦးကျော်လှအောင်နှင့် ဦးကျော်မြင့်သည် ဧပြီ ၂၆ ရက်က ဘင်္ဂါလီဒုက္ခသည် စခန်းတွင် လ၀ကက ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်နေစဉ် လူမျိုးအမည် ကိစ္စအတွက် ၀န်ထမ်းများကို အကြမ်းဖက် တိုက်ခိုက်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူအဖြစ် တရားစွဲတင် ခံထားရသူများ ဖြစ်သည်။ ဦးကျော်လှအောင်သည် ပြီးခဲ့သည့်နှစ် စစ်တွေမြို့ ဘင်္ဂါလီ-ရခိုင် အရေးအခင်းတွင် ပတ်သက်ကြောင်း စွဲချက်ဖြင့် ပြစ်ဒဏ်ကျပြီး သမ္မတအမိန့်ဖြင့် ပြစ်မှုကျင့်ထုံး ပုဒ်မ ၄၀၁ အရ လွတ်မြောက်လာသူ ဖြစ်သည်။ ယင်းနောက် အကျဉ်းသား တစ်ဦးနှင့် အကျဉ်းသူ တစ်ဦးကို ဆက်လက်တွေ့ဆုံခဲ့သည်။
ထို့နောက် စစ်တွေဆေးရုံ၌ ဆေးကုသနေသည့် ဘင်္ဂါလီငါးဦးကို တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ လူနာများသည် သြဂုတ် ၉ ရက် အုန်းတောချေ၊ မှန်စီချောင်းဝ၊ ဂေါဒူဖ အကြမ်းဖက် ဖြစ်စဉ်များတွင် ရဲကလူစုခွဲရာမှ ဒဏ်ရာရသူများ ဖြစ်သည်။
ယင်းနောက် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်နှင့် တွေ့ဆုံပြီး အကျဉ်းထောင်၌ တွေ့ခဲ့သော တရားခံများ၏ ပြောကြားချက်များကို အခြေပြုကာ တရားသူကြီးချုပ်ကို မေးခွန်းအချို့မေးကာ တိုက်တွန်းချက်များ ပြောကြားခဲ့ကြောင်း သိရသည်။ တရားသူကြီးချုပ်က ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားခံ အခွင့်အရေးလည်း အပြည့်အ၀ ပေးထားကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ ထို့နောက် စစ်တွေမြို့ အတွင်းရှိ အောင်မင်္ဂလာ (ဘင်္ဂါလီရပ်ကွက်) သို့ သွားရောက်ကာ ဘင်္ဂါလီများနှင့် တွေ့ဆုံစကားပြောပြီး ရပ်ကွက်အတွင်း နှစ်နာရီခန့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: