Friday, August 16, 2013

ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ တောင်းဆို

S-15-8
သြဂုတ် ၁၃ ရက်က စစ်တွေမြို့ ရွှေစေတီကျောင်းတိုက် ဆရာတော်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား တွေ့ဆုံနေစဉ် (ဓာတ်ပုံ-သန်းလှိုင်)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မကြာသေးမီက နောက်တစ်ကြိမ် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ ပဋိပက္ခနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။
အဆိုပါ တောင်းဆိုချက်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နေရာများသို့ သြဂုတ် ၁၃ ရက်က လှည့်လည်ကြည့်ရှုအပြီး ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် သောကြာနေ့တွင် ထပ်မံဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားသည်။
"ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အစိုးရနဲ့ ဘင်္ဂါလီတွေအကြား နားလည်မှု တည်ဆောက်နိုင်ဖို့၊ ငြိမ်းချမ်းတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ထပ်ခါထပ်ခါ တောင်းဆိုခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းကသာ နောက်ထပ်ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေအပေါ် တားဆီးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Adrian Edwards က ဂျနီဗာမြို့တွင် ပြောကြားသည်။
ယခု တောင်းဆိုချက်သည် မြန်မာနိုင်ငံသို့ ၁၀ ရက်ခရီးစဉ် လာရောက်နေသည့် အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ရခိုင်ပြည်နယ်သို့ ရောက်ရှိအပြီးနှင့် ကိုက်ညီစွာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် မတ်လအတွင်း မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပျံ့နှံ့ခဲ့ချိန်တွင် မစ္စတာ ကင်တားနားက လုံခြုံရေး တာဝန်ရှိသူများ၏ ပဋိပက္ခများအပေါ် တားမြစ်ရန် ပျက်ကွက်ခဲ့မှုသည် အစိုးရ၏ တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေမှုကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့ဖူးပြီး အဆိုပါ ပြောကြားမှုကို အစိုးရက ငြင်းဆန်ခဲ့သည်။
ကင်တားနားသည် ရခိုင်ပြည်နယ်ရှိ နေရာအနှံ့အပြားသို့ သွားရောက်ခဲ့ပြီး ထိုနေရာများတွင် ဘင်္ဂါလီ အများစုရှိသော ကယ်ဆယ်ရေး စခန်းများသို့လည်း သွားရောက်ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောကြားသည်။
T-15-8
သြဂုတ် ၁၃ ရက်က စစ်တွေမြို့ အောင်မင်္ဂလာ (အင်ပါလာ)ရပ်ကွက်ရှိ  ဘာသာရေးခေါင်းဆောင် တစ်ဦးအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား တွေ့ဆုံနေစဉ် (ဓာတ်ပုံ-သန်းလှိုင်)


ကင်တားနား ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယင်းကဲ့သို့ ဆန္ဒပြရခြင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် လာရောက်လေ့လာရာတွင် ဘင်္ဂါလီများကိုသာ အလေးပေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံမှုကို အလေးမထားမှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။
"သြဂုတ် ၁၃ ရက်နေ့ နံနက် ၉ နာရီမှာ မစ္စတာ ကင်တားနားနဲ့အဖွဲ့ စစ်တွေမြို့ ရွှေစေတီ ကျောင်းတိုက်ကို ရောက်လာပြီး ဆရာတော် ဘုရားကြီးကို လာတွေ့ပါတယ်။ ကျောင်းဝင်းထဲကိုလည်း ဖိနပ်စီးပြီး ၀င်လာပါတယ်။ ကျောင်းပေါ်ရောက်မှ ဖိနပ်ချွတ်ပါတယ်။ ဒါပေမဲ့ ခြေအိတ်ကို လုံးဝမချွတ်ပါဘူး။ ပြီးတော့ ဘာသာရေး ကွဲပြားမှုအရ ဆရာတော် ဘုရားကြီးကို ၀တ်မပြုချင်ရင်နေပါ။ ဆရာတော် ဘုရားကြီးရှေ့မှာ တင်ပျဉ်ခွေ ထိုင်တာတော့ မကောင်းပါဘူး" ဟု ရွှေစေတီ ကျောင်းတိုက်မှ သံဃာတော် တစ်ပါးက မိန့်ကြားသည်။
အလားတူ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ဥက္ကဋ္ဌ ဦးဥာဏက "သံဃာတော်ကို ရိုသေလေးစားတဲ့ အပြုအမူမျိုး လုံးဝမရှိပါဘူး။ ဆရာတော်ကြီး တစ်ပါးနဲ့ တွေ့တဲ့အခါ ရိုသေ၀ပ်တွားပြီး လျှောက်ထားတဲ့ ပုံစံမဟုတ်ဘဲ ငြင်းခုံနေတဲ့ပုံစံ ဖြစ်နေပါတယ်။ ရွှေစေတီ ဆရာတော် ဘုရားကြီးကို မစ္စတာ ကင်တားနားက လျှောက်ထားမေးမြန်းတယ်။ ဆရာတော် ဘုရားကြီးက သမိုင်းကြောင်းနဲ့ချီပြီး ရှင်းပြနေတဲ့ဟာကို သမိုင်းကို မပြောပါနဲ့၊ လက်ရှိအခြေအနေကိုပဲ ပြောပါဆိုပြီး စကားကို ဖြတ်ချလိုက်ပါတယ်။ သူကမေးလို့ ဆရာတော်ဘုရားကြီးက ဖြေတာပါ။ ဘာသာတွေ ကွဲပြားနေပါစေ၊ ဘာသာတစ်ခုအပေါ် တစ်ခုက လေးစားရမှာက လူ့ကျင့်ဝတ်ပါ။ မစ္စတာ ကင်တားနားနဲ့ အတူပါလာတဲ့ အုပ်ချုပ်ရေး အဖွဲ့က ပုဂ္ဂိုလ်တွေကလည်း ဘာမှပြောထားပုံ မရဘူးနဲ့ တူပါတယ်" ဟု မိန့်ကြားသည်။
စစ်တွေမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က "မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ကိုလာတဲ့ ပထမနေ့မှာ ဘူးသီးတောင်ထောင်ကိုသွားပြီး ဘင်္ဂါလီ အကျဉ်းသားတွေနဲ့ တွေ့တယ်။ ဒုတိယနေ့ မနက်စောစောမှာ စစ်တွေအကျဉ်းထောင်ကိုသွားပြီး ဘင်္ဂါလီ အကျဉ်းသားတွေနဲ့ ထပ်မံတွေ့ဆုံတယ်။ ရခိုင်ပဋိပက္ခ ဖြစ်စဉ်မှာ နှစ်ဖက်စလုံးက ဖြစ်တဲ့အတွက်ကြောင့် ဘာကြောင့်ဘင်္ဂါလီတွေကိုပဲ အဓိက သူသွားတွေ့ရတာလဲ။ စစ်တွေထောင်ထဲမှာ ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရခိုင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့ကို မတွေ့ခဲ့ပါဘူး။ နောက်ပြီး တရားသူကြီးနဲ့ သွားတွေ့တဲ့ အခါမှာလည်း ဒီဘင်္ဂါလီ အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ စစ်တွေဆေးရုံကို သွားတဲ့အခါမှာလည်း ဘင်္ဂါလီ လူနာတွေကိုပဲ သီးသန့်တွေ့ဆုံခဲ့တယ်။ စစ်တွေမြို့ထဲက ဘင်္ဂါလီရပ်ကွက်၊ အောင်မင်္ဂလာထဲက ဘင်္ဂါလီ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီမှာပဲ အချိန်နှစ်နာရီလောက် ကုန်ခဲ့တယ်။ ဒါပေမဲ့ မြို့မိမြို့ဖတွေနဲ့ တွေ့ဖို့အတွက် အချိန်မီ ရောက်မလာခဲ့ဘူး။ ဒါကြောင့် မြို့မိမြို့ဖတွေကလည်း ရတဲ့အချိန် အတွင်းမှာ ဆွေးနွေးလို့လည်း ရမှာမဟုတ်ဘူး။ သူက တစ်ဖက်သတ်လူ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ တွေ့ရုံသာ တွေ့ခဲ့တယ်။ ဘာမှ မဆွေးနွေးဖြစ်ခဲ့ဘူး။ ဒါကြောင့်သူဟာ ဘင်္ဂါလီ အရေးကိစ္စကို တစ်ဖက်သတ် လာရောက်လေ့လာသူ ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်" ဟု ပြောကြားသည်။
ကင်တားနားသည် ရခိုင်ပြည်နယ် ခရီးစဉ်ပြီးနောက် ကချင်ပြည်နယ်သို့ ဆက်လက်သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ သြဂုတ် ၁၅ ရက် (ယနေ့)နံနက် ၉ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လာရန် စီစဉ်ထားကြောင်း သိရှိရသည်။ ကင်တားနား၏ လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ကင်တားနား ရန်ကုန်မြို့သို့ ရောက်ရှိလာပါက ဆန္ဒပြရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: