ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ပိုက်လိုင်းဖြင့် သွယ်တန်းပို့ ဆောင်နေပြီ ဖြစ်သော်လည်း ရခိုင်ပြည်သူလူထုမှာ ဖယောင်းတိုင်မီးထွန်း၍ မီးလင်းနေကြရဆဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားလိုက်သည်။
သြဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူ ရတပ ဥက္ကဌ ဦးကျော်သန်း ကျောက်ဖြူဈေးရှေ့ထောင့်တွင် နှိုးဆော် ဆိုင်းဘုတ် စိုက်ထူနေစဉ်။ (ဓါတ်ပုံ - ရခိုင့်သယံဇာတများ အကျိုးခံစားခွင့် ရရှိရေးကော်မတီ)သြဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူ ရတပ ဥက္ကဌ ဦးကျော်သန်း ကျောက်ဖြူဈေးရှေ့ထောင့်တွင် နှိုးဆော် ဆိုင်းဘုတ် စိုက်ထူနေစဉ်။ (ဓါတ်ပုံ - ရခိုင့်သယံဇာတများ အကျိုးခံစားခွင့် ရရှိရေးကော်မတီ)
နိုင်ငံတကာခေါင်းဆောင်မှု လေ့လာရေး အစီအစဉ် (International Visitor Leadership Program-IVLP)ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဦးဦးလှစောနှင့် အမေရိကန်ရောက် ရခိုင်မိသားစုများ သြဂုတ်လ ၂၄ ရက်နေ့ တယ်လီကွန်ဖရင့် တွေ့ဆုံမေးမြန်းခန်းတွင် ၄င်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
" ရခိုင်က ထွက်ရှိနေတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ပို့လွှတ်ရာကနေ ဒေါ်လာ ဘီလီယံနဲ့ ချီရနေချိန်မှာ ကျနော်တို့ ရခိုင်ပြည်သူလူထုမှာ ဒီကနေ့အချိန်ထိ ဖယောင်းတိုင်ထွန်းပြီး မီးလင်းနေကြရဆဲပဲ ဖြစ်ပါတယ်။ ထင်းခုတ်ပြီး ထင်းမီးအသုံးပြုလာကြတာလည်း စစ်တပ်နဲ့ ရင်းနှီးပတ်သက်တဲ့ ခရိုနီတွေ အပိုင်သိမ်း ခုတ်ထုတ်ရောင်းချမှုတွေကြောင့် ထင်းမီးအသုံးပြုဖို့ အတွက်တောင် လက်ရှိမှာ အခက်အခဲရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြေပေါ်မြေအောက် သယံဇာတပြုန်းတီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ " ဟု သူက ပြောကြားသည်။
လျပ်စစ်မီးမရှိဘဲ ပုဏ္ဏားကျွန်းမြို့အနီးတွင် စက်မှုဇုံတစ်ခု တည်ဆောက်မည်ဟု အစိုးရ တာဝန်ရှိသူများမှ လေသံပစ်ထားခြင်းမှာ တာဝန်ယူ လက်ခံယုံကြည်နိုင်လောက်သည့် စကားမျိုးမဟုတ်ဘဲ ရိုးသားမှုမဲ့စွာ မုသားပြောဆိုခြင်းမျိုးသာဖြစ်ကြောင်း ဦးဦးလှစောက ပြောဆိုသည်။
"ရခိုင်ပြည်သူတွေအတွက် လျပ်စစ်မီးရရှိဖို့ အရေးဟာ အဓိကအရေးကြီးတဲ့အထဲမှာ ပါပါတယ်။ လျပ်စစ်မီးရလာလို့ရှိရင် နောက်ဆက်တွဲ အနေနဲ့ အသေးစား စက်မှုလုပ်ငန်းတွေနဲ့အတူ တခြားတခြားလုပ်ငန်းတွေလည်း ပါလာမှာဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နားမှာ စက်မှုဇုံတခု တည်ဆောက်မယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေက လေသံပစ်သွားခဲ့တာဟာ ယုတ္တိမရှိပါဘူး။ လျပ်စစ်မီးမရှိဘဲ စက်မှုဇုံ ဘယ်လိုလုပ် တည်ဆောက်မှာလဲ။ ဒီစကားဟာ လက်ခံယုံကြည်နိုင်လောက်တဲ့ စကားမျိုးမဟုတ်ပါဘူး။ ရိုးသားမှုမရှိဘဲ ကျနော်တို့ကို မုသားပြောဆိုတာပဲဖြစ်ပါတယ်" ဟု ၄င်းက ပြောကြားသည်။
ရွှေသဘာဝဓာတ်ငွေ့ ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း လျပ်စစ်မီးရရှိစေရမည်ဆိုသည့် ကတိစကားကို အစိုးရတာဝန်ရှိသူများက တာဝန်ခံ ပြောကြားလုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း သူကဆိုသည်။
ရခိုင်ပြည်တွင် လက်ရှိအကောင်အထည်ဖေါ်နေသော မြန်မာ-တရုတ် ရေနံသဘာဝဓါတ်ငွေ့စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ပို့လွှတ်နေမည်ဖြစ်ပြီး ရခိုင်ပြည်အတွက် ကုဗပေ သန်း ၂၀ ကို အသုံးပြုမည် ဖြစ်ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ထားသော်လည်း ယနေ့အချိန်ထိ အဆိုပါ ကုဗပေ သန်း ၂၀ ကို မည်သို့မည်ပုံ ခွဲဝေသုံးစွဲမည်ကို ဒေသခံများအား အသိပေးရှင်းလင်းခြင်း မရှိသေးကြောင်း ကျောက်ဖြူလူမှုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းလွင်က သြဂုတ်လ ၅ ရက်နေ့တွင် အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားခဲ့သည်။
" ကျနော်တို့ သတင်းကြားနေရတာပါ။ သို့သော် ဒေသအပေါ်မှာ ရှင်းပြထားတာ တစ်ခုမှမရှိပါ။ ဘယ်နေရာမှာသုံးမယ် ဘယ်လိုသုံးမယ်ဆိုတာ ယခုအချိန်ထိ ကျနော်တို့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ဘာတစ်ခုမှ ရှင်းပြထားတာ မရှိသေးပါ။ သို့သော် ကျောက်ဖြူမှာ ၃ မီဂါဝတ်ထွက်တဲ့ ဓာတ်ဆီအင်ဂျင် တစ်လုံးတော့ တည်ဖို့ ကျနော်တို့ ဒါပဲသိရပါတယ်။ အဲဒါက မပြောက်လောက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ " ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ရွှေဂက်စ်သယံဇာတကို ရခိုင်ပြည်သူများ အကျိုးခံစားခွင့်ရရှိနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဆောင်ကော်မီတီတစ်ခုဖွဲ့ပြီး လူထု လက်မှတ် ကောက်ခံနေသည့် ကမ်ပိန်းလှုပ်ရှားတွင် ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများအားလုံးက နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းပါဝင် တောင်းဆိုလှုပ်ရှားကြဖို့  လိုအပ်ကြောင်းလည်း သူက ဆက်လက် ပြောကြားသည်။
အဆိုပါ တယ်လီကွန်ဖရင့်ကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၁၀ ကျော် တက်ရောက်ခဲ့ကြပြီး လက်ရှိ ရခိုင်ပြည်နိုင်ငံရေးအခြေအနေ၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားအကြောင်းအရာတို့ကိုညနေ၄နာရီခွဲမှနေ၆နာရီထိ၁နာရီခွဲကြာ ဆွေးနွေးမေးမြန်း ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)