Wednesday, August 7, 2013

ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံ ခရီးသွားသတိပေးထုတ်ပြန်ချက်တွင် ရခိုင်ပြည်ပါဝင်

မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ နိုင်ငံရေးမငြိမ်သက်မှု၊ လူထုအုံကြွမှု ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ဆိုပြီး ဗြိတိန်နိုင်ငံသားတွေကို အဲဒီဒေသတွေဆီ ခရီးသွားဖို့ ရှောင်ရှားကြရန် ဗြိတိန်အစိုးရမှ သြဂုတ်လ ၆ ရက်နေ့က ခရီးသွားသတိပေး ထုတ်ပြန်ချက်တွင် ရခိုင်ဒေသပါဝင်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မနှစ်က ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလီ မူဆလင်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး တင်းမာလျှက်ရှိကာ အခြေအနေ ဆိုးရွားလာနိုင်တဲ့ အနေအထားရှိတယ်လို့ ခရီးသွားသတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။ ခရီးသွား အပန်းဖြေရာ ငပလီကမ်းခြေမှအပ ရခိုင်ပြည်နယ်ရှိ တခြားဒေသတွေကို ခရီးသွားဖို့ ရှောင်ရှားကြရန် သတိပေးထားပါတယ်။
ငပလီကမ်းခြေတွင် နိုင်ငံခြားသားများ အပန်းဖြေနေပုံကိုတွေ့ရစဉ်။ ငပလီကမ်းခြေတွင် နိုင်ငံခြားသားများ အပန်းဖြေနေပုံကိုတွေ့ရစဉ်။
ဆက်လက်ပြီး ပိတ်ပင်ထားတာကတော့ ဒီနှစ်အစောပိုင်းက လူမျိုးစုနှစ်ခုကြား ဘာသာရေးအသွင်ဆောင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်းဒေသ မြို့နယ်တစ်ချို့ဖြစ်တဲ့ မိတ္ထီလာ၊ မလှိုင်၊ သာစည်နဲ့ ဝမ်းတွင်းမြို့နယ်တွေကိုလည်း မလိုအပ်ဘဲ မသွားကြဖို့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါတယ်။
နယ်စပ်ဒေသတွေမှာ ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံသားတွေ အနေနဲ့ သတိကြီးကြီးမားမား ရှိဖို့ကိုလည်း သတိပေးချက်က ဖော်ပြထားပါတယ်။ အထူးသဖြင့် ထိုင်း၊ လာအို၊ တရုတ်နဲ့ ဆက်စပ်နေတဲ့ ချမ်း၊ ကရင်၊ မွန်၊ ကချင်စတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရ တင်းမှာမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ဒေသမှာ အစိုးရနဲ့ ကချင်တော်လှန်ရေးတပ်တွေကြား တိုက်ခိုက်မှုတွေ လျှော့နည်းသွားပြီဆိုပေမယ့် တိုက်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေသေးတာကြောင့် မဖြစ်မနေကလွဲလို့ ဒီဒေသကို ခရီးသွားဖို့ ရှောင်ကြည်ရန် တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လူထုအားလပ်ရက်နေ့တွေဖြစ်တဲ့ အာဇာနည်နေ့၊ စစ်တပ်နေ့တွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံ ကဲ့သို့သော နှစ်ပတ်လည်နေ့တွေမှာ အရင်တုန်းက မတည်ငြိမ်မှု ဖြစ်ခဲ့တာတွေရှိကြောင်း ခရီးသွားသတိပေးချက်မှာ ဖော်ပြထားပါတယ်။ မနက်ဖန် သြဂုတ်လ ၈ ရက်နေ့ဟာ စစ်တပ်ရဲ့အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ ရာနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ပြီး အဲဒီနေ့ကျရောက်ဖို့ နှစ်ရက်အလို အင်္ဂါနေ့မှာ ဗြိတိန်အစိုးရမှ အခုလို မြန်မာနိုင်ငံ ခရီးသွားသတိပေးချက် ထုပ်ပြန်လာရတာ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိန်ခရီးသွားတွေအနေဖြင့် လူထုဆန္ဒပြပွဲတွေနဲ့ လူစုလူဝေးတွေကို ရှောင်ရှားကြပြီး၊ ရဲ၊ စစ်တပ်သားနဲ့ ဆန္ဒပြမှုတွေကို ဓတ်ပုံ ဗွီတိယို ရိုက်တာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရ တက်ရောက်ပြီးကတည်းက ပြုပြင်ပြောင်းလဲမှု တချို့ရှိခဲ့ပေမဲ့လည်း မြန်မာ့ နိုင်ငံရေးအခြေနေကတော့ သိပ်ပြီး တည်ငြိမ်မှု မရှိသေးဘူးလို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- Arakntimes)

No comments: