Friday, August 16, 2013

နီပွန်ဖောင်ဒေးရှင်းအကူအညီဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ရခိုင်တွင် စာသင်ကျောင်း ၂၀ ဆောက်မည်

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းအကူအညီဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ မူလတန်းကျောင်း၂၀လုံးကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်ပေါင်းကူးအဖွဲ့စည်း (Bridge Asia Japan) အုပ်ချူပ်ရေးမှူး ဦးကျော်သန်းက သြဂုတ် ၁၅ တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ကျောင်း ၂၀ ကျောင်းကို ဂွ၊ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူမြို့များတွင် ယခု ဘဏ္ဍာရေးနှစ်အတွင်းတွင် အပြီးဆောက်လုပ်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။

ဦးကျော်သန်းက “ဖွံ့ဖြိုးမှုအားနည်းတဲ့မြို့နယ်တွေကို ဦးစားပေးဆောက်လုပ်သွားမှာပါ။ကျောင်းဆောက်ဖို့အတွက် နီပွန်ဖောင်ဒေးရှင်းနဲ့ လက်မှတ်ရေးထိုးပြီးပါပြီ။ ဂွ၊ သံတွဲ ၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်တွေမှာ ဆောက်လုပ်သွား မှာပါ။ ရခိုင်ပြည်နယ်မှာက စာသင်ကျောင်း လိုအပ်ချက်တွေ ရှိနေတယ်”ဟု ပြောသည်။

အဆိုပါကျောင်း ၂၀ အပြင် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများ ထပ်မံဆောက်လုပ်ပေးရန်အတွက် အစီအစဉ် များလည်းရှိပြီး ကျောင်းများဆောက်လုပ်ရန်အတွက် နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်တွင် အခြေခံပညာကျောင်းများ လုံလောက်စွာ ရရှိနိုင်ရန် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း BAJ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၎င်းက “လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က ဖွံ့ဖြိုးမှုအားနည်းတဲ့ ဒုတိယနေရာမှာရှိတယ်။ ဒါကြောင့် နီပွန်
ဖောင်ဒေးရှင်းအကူညီနဲ့ စာသင်ကျောင်းတွေ ဆောက်ရခြင်းဖြစ်တယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ စာသင်ကျောင်း၂၀ ကို အပြီးဆောက်လုပ်သွားမယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင်ယခုကဲ့သို့အခြေခံပညာကျောင်းများ ဆောက်လုပ်ပေးခြင်းသည် ကောင်းမွန်ပြီး ပြည်နယ် အတွက် အမှန်တကယ်ပင် စာသင်ကျောင်း လိုအပ်ချက်များရှိနေကြောင်း ကျောက်ဖြူမြို့ဒေသခံ ဦးမင်းလွင်မျိုးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော်လည်း ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်တွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များတွင် စာသင်ကျောင်း ၁၀ လုံးကို ဆောက်လုပ်ပေးခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောက်လုပ်မည်ဖြစ်ကြောင်းလည်း ဦးကျော်သန်းက ပြောသည်။
(Source: Mizzima Burmese)

No comments: