ရန်ကုန်မြို့တွင် ယခုလက်ရှိ ကန်တော်မင် ပန်းခြံအား ယခင်က ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၈၅ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော အိမ်စောင့် အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ပြီး ကန်တော်မင်ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်ဖန်ပြန်လည် ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးဖို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးအေးသာအောင်က တောင်းဆိုသည်။
ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထု။ (ဓါတ်ပုံ - စိုးသန်းအောင်)ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထု။ (ဓါတ်ပုံ - စိုးသန်းအောင်)
" အရင်က ဒီကန်တော်မင် ပန်းခြံက ဦးဥတ္တမ ပန်းခြံအနေနဲ့ ရှိခဲ့တယ်။ သတ်မှတ်ခဲ့တယ်။ ဦးဥတ္တမ ပန်းခြံအဖြစ်လည်း သတ်မှတ်ပေးခဲ့တယ်။ နောက်ပိုင်းမှာမှ အာဏာပိုင် ခေါင်းဆောင်တစ်ချို့ ပစ်ပယ်ခြင်းကို ခံခဲ့ရတယ်။ အဲဒါကြောင့် ကန်တော်မင် ပန်းခြံကို အခုအချိန်မှာ ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ရခိုင်တိုင်းရင်းသားများ အနေနဲ့သာမကဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူ တစ်ရပ်လုံးကလည်း တောင်းဆို သင့်တယ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်က မြန်မာနိုင်ငံဟာ ကိုလိုနီလက်အောက်ကို ကျရောက်နေချိန် အာဏာပိုင်တွေကို မည်သူတစ်ဦးတစ်ယောက်ကမျှ မပြောဝံ့၊ မဆိုဝံ့၊ မော်လို့တောင် မကြည့်ဝံ့တဲ့အချိန်မှာ ဆရာတော် ဦးဥတ္တမက ရဲရဲတောက် အာဇာနည် ပီသစွာနဲ့ တကယ့် ဇာတိသွေး၊ ဇာတိမာန် ထက်သန်လာအောင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် နယ်ချဲ့သမားတွေကို ရဲရဲတောက် ဆန့်ကျင်လိုက်လံဟောပြော စည်းရုံးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့တဲ့အတွက်ကြောင်းပါ။ " ဟု သူကပြောသည်။
ဗမာပြည် (မြန်မာပြည်) သည် အင်္ဂလိပ်နယ်ချဲ့တို့၏ လက်အောက်ကို ကျရောက်ခဲ့စဉ်က ဆရာတော် ဦးဥတ္တမ၏ ဟောပြောခဲ့သော စကားများထဲတွင် ကြောက်မွှေးပါလျှင် ဇာကနာနှင့် နုတ်ပစ်လိုက်၊ ဘုရင်ခံ ကရက်ဒေါက်ကို Get Out ဆိုပြီး ဗမာပြည်က ရဲရဲဝံ့ဝံ့ မောင်းထုတ်ကာ အာဇာနည်ပီသစွာ ဟောပြောခဲ့ကြောင်း၊ အမျိုးသား ဇာတိသွေး၊ ဇာတိမာန် ထက်သန်လာအောင်၊ မျိုးချစ်စိတ် ထက်သန်လာအောင် ဗမာပြည်သူပြည်သားများကို ဟောပြောခဲ့သော အမျိုးသားခေါင်းဆောင် တစ်ယောက်လည်းဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုကို ကနဦးစလို့ အလင်းရောင်ပြခဲ့သည့် မီးရှုးတိုင်သဖွယ် ဦးဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။
" ဆရာတော်လို ပုဂ္ဂိုလ်မျိုးကို အခုအချိန်မှာ မမေ့မလျော့၊ အမှတ်တရ အသိအမှတ်ပြုသင့်တယ်။ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ကျနော်အနေနဲ့ လေးလေးနက်နက် ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဂုဏ်ပြုတဲ့ အနေနဲ့၊ ချီးကျူးတဲ့အနေနဲ့ မြန်မာနိုင်ငံသားတိုင်း ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဖြစ်ဖို့ ဝိုင်းဝန်းကြိုးပမ်းရာမှာ တိုက်တွန်းသင့်တယ်။ ပါဝင်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ " ဟု ဦးအေးသာအောင်က ဆိုသည်။
စစ်တွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ယခုကန်တော်မင် ပန်းခြံကို ဦးဥတ္တပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ အစီစဉ်ရှိမရှိ ပြည်သူ့လွှတ်တော်ထဲမှာ မေးမြန်းခဲ့ရာ သမိုင်းဆိုင်ရာဝန်ကြီးဌာန ၀န်ကြီးက ဆရာတော်နှင့် ပတ်သက်သည့် သမိုင်းအထောက်အထား မရှိဘူးဟု ဖြေကြားခဲ့မှုအပေါ် ALD ဥက္ကဌ ဦးအေးသာအောင်မှ သူ့၏ သဘောထားကို ယခုလိုပြောပြသည်။
" အဲဒါကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီးတော့ သမိုင်းကိုလည်း လေ့လာမှုမရှိ၊ နိုင်ငံရေး ကွဲပြားမှု သမိုင်းကိုလည်း ဂဃနဏ မသိတဲ့ လူတစ်ယောက်အနေနဲ့ ဒီလို တာဝန်မဲ့ ပြောတဲ့ကိစ္စက မပြောသင့် မပြောထိုက်တဲ့ စကားဖြစ်တယ်။ ဒါဟာ ဦးဥတ္တမရဲ့ ဂုဏ်ကိုလည်း အဲဒီလို ပြောဆိုမှုကြောင့် ထိခိုက်စေတယ်။ ပြောတဲ့ ပုဂ္ဂိုလ်ကိုလည်း သိက္ခာကျစေတယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ " ဟု ဆိုသည်။
ဦးဥတ္တမ ပန်းခြံအဖြစ် သတ်မှတ်ခဲ့စဉ် ရှိခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်များကို ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ပြည့်ပြည့်စုံစုံ ပို့ပေးလိုက်ပြီ ဖြစ်ကြောင်းကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ ဇူလှိုင်လအတွင်းက နိရဉ္စရာသို့ ပြောကြားခဲ့သည်။
" ယဉ်ကျေးမှု ၀န်ကြီးဌာနက ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ခဲ့စဉ်က ရှိခဲ့တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ပို့ပေးဖို့ ပြောဆိုလာတဲ့အတွက် ကျနော်တို့ ဆီမှာရှိတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ အကုန်လုံးကို ပို့ပေးလိုက်ပြီဖြစ်ပါတယ်။ " ဟု ဆိုသည်။
၁၉၇၆ ခုနှစ်က ထုတ်ခဲ့သည့် မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၅နှင့် ပညာရေး ၀န်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်းသင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ပြဋ္ဌာန်းထုတ်ဝေခဲ့သည့် စတုတ္ထတန်း မြန်မာသမိုင်းဖတ်စာတို့တွင် ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံအတွက် အနစ်နာခံပြီး နိုင်ငံရေးနိုးကြားလာအောင် ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ်ဖြစ်သဖြင့် နိုင်ငံတော်က သူ့ကျေးဇူးကို မမေ့ခဲ့ချေ။ ထို့ကြောင့် နိုင်ငံတော် အစိုးရက ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည်ပြောင်းပြီး ဂုဏ်ပြုခဲ့သည်ဟု အတိအလင်းရေးသားခဲ့ကြသည်။
(သတင်းအရင်းအမြစ်- Arakantimes)