Monday, September 9, 2013

လူထုနှင့် သက်ဆိုင်သော NGO အဖွဲ့အစည်းများ၏ လတ်တလော ဖြစ်စဉ်များက အာဏာရှင်စနစ် လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်မှု မရှိခြင်း၊ ဒီမိုကရေစီ အလေ့အကျင့် အားနည်းခြင်း၊ ဖွဲ့စည်းပုံ မခိုင်မာခြင်းနှင့် ခေါင်းဆောင် အရည်အသွေး နိမ့်ပါးခြင်းတို့ကို ရည်ညွှန်းနေ

8.1.1
ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ ပေးပို့လာသော အကြောင်းကြားစာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ သြဂုတ် ၁၃ ရက်က အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ - လင်းလင်းခိုင်)
လူထုနှင့် သက်ဆိုင်သော NGO အဖွဲ့အစည်းများ၏ လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်စဉ်များက အာဏာရှင်စနစ် လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်မှု မရှိခြင်း၊ ခွဲထွက်လာသော ဒီမိုကရေစီ အလေ့အကျင့် အားနည်းခြင်း၊ ဖွဲ့စည်းပုံ (institution) မခိုင်မာခြင်းနှင့် ခေါင်းဆောင်မှု အရည်အသွေး နိမ့်ပါးခြင်းတို့ကို ရည်ညွှန်းနေကြောင်း သုံးသပ်သူများက ပြောဆိုခဲ့ကြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် ဥပဒေအရ မဟုတ်ဘဲ နိုင်ငံတော် သမ္မတ၏ ပုဂ္ဂိုလ်ရေးအရ နိုင်ငံတော် ဘတ်ဂျက်မှ လှူဒါန်းသော ငွေကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့သည့် အတွက် ကောင်စီဝင်များ အကြားတွင် သာမက သတင်းမီဒီယာ သမားများ အကြားတွင်ပါ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှု အပေါ်ကိုလည်း မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
အစိုးရ (ပြန်ကြားရေး ၀န်ကြီးဌာန) က ရေးဆွဲတင်ပြသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း၊ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းများနှင့် ဆက်စပ်ပြီး ဂျာနယ်လစ် အဖွဲ့အစည်းများနှင့် အစိုးရအကြား အငြင်းပွားမှုများ ဆက်ရှိနေချိန်၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ဟန့်တားနေသည့် အချက်များကို လုံးဝ ပယ်ဖျက်နိုင်ခြင်း မရှိသေးချိန်တွင် သမ္မတ၏ အလှူငွေကို ဥပဒေအရ မဟုတ်ဘဲ ရယူခဲ့ခြင်းကို သတင်းသမား အများစုက လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ လက်ခံလိုက်ခြင်းသည် ယခင်အစိုးရလက်ထက် ပြန်ကြားရေး ၀န်ကြီးဌာန၏ “လက်ကိုင်တုတ်” ဟု စာပေနယ်အတွင်း သတ်မှတ်ခြင်း ခံခဲ့ရသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ပုံစံကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဝေဖန်မှုများ ရှိနေခဲ့သည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ရုပ်ရှင်လောကအတွင်း အငြင်းပွားဖွယ် ပြဿနာ အချို့ကို ဖြေရှင်းရာ၌ သက်ဆိုင်ရာ ကာယကံရှင်များကို ခေါ်ယူ ညှိနှိုင်းခြင်း မရှိဘဲ အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့် အာဏာရှင် ဆန်သော ဆုံးဖြတ်ချက်များ ချမှတ်ပြီး အရေးယူ ပိတ်ပင်သည့် နည်းလမ်းများ အသုံးပြုလာသဖြင့် ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသား အချို့အကြား မကျေလည်မှုများ ရှိလာခဲ့သည်။
ထိုနည်းတူစွာပင် မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ ဆယ်စုနှစ် တစ်စုကျော် ကြာသည်အထိ တာဝန်ယူထားသော ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်တို့က အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းပါ အချက်ကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာကို BOT စနစ်ဖြင့် ရောင်းချရန် စီစဉ်ခဲ့သဖြင့် ပြဿနာများ ပေါ်ပေါက်လျက် ရှိနေသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ လုပ်ဆောင်ချက်သည် အသင်းဝင် ဆရာဝန်များ၏ သဘောတူညီချက် မပါဝင်ဘဲ လုပ်ဆောင်ခဲ့သည် ဆိုသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကာ ထိုလုပ်ဆောင်ချက်ကို တားဆီးသည့် အနေဖြင့် “မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(ယာယီ)” အဖွဲ့လည်း ပေါ်ပေါက်ခဲ့သည်။ ထိုအဖွဲ့က လက်ရှိ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို နုတ်ထွက်ရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၏ ဖြစ်စဉ်မှာလည်း အခြားသော အဖွဲ့အစည်းများ၏ ဖြစ်စဉ်နှင့် တူညီမှုများ ရှိနေပါသည်။ သြဂုတ် ၂၇ ရက်တွင် သဘင်ပညာရှင်များ အစည်းအရုံး၏ အတွင်းရေးမှူး ဦးမိုးဝင်းက အဖွဲ့၏ လုပ်ဆောင်ချက်များကို လက်မခံ နိုင်သဖြင့် တာဝန်မှ နုတ်ထွက်ခဲ့သည်။ သဘင်ပညာရှင်များ အစည်းအရုံးကို ဒီမိုကရေစီ နည်းလမ်းဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် ဗဟိုဦးစီး စနစ်ဖြင့် အာဏာရှင် ခေတ်ကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ တစ်ဦးတစ်ယောက်၏ ဆန္ဒဖြင့် လုပ်ဆောင်ခြင်းများ ပိုမိုများလာခြင်း၊ အစည်းအဝေး ခေါ်ယူတိုင်ပင်ခြင်း၊ အများဆန္ဒ တောင်းခံခြင်းများ မရှိဘဲ ထွက်ရှိလာသော ဆုံးဖြတ်ချက်များကို အစည်းအဝေး ဆုံးဖြတ်ချက်ဟု ပြောဆိုလာခြင်းများ ရှိသဖြင့် ထိုလုပ်ရပ်များကို လက်မခံ နိုင်သောကြောင့် တာဝန်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမိုးဝင်းက ပြောကြား ခဲ့သည်။

ပြဿနာများဖြင့် ရင်ဆိုင်နေရသော NGO များတွင် ခေါင်းဆောင် အရည်အသွေး ပြည့်ဝသူများက ခေါင်းရှောင်နေကြခြင်း ခေါင်းဆောင် အရည်အသွေး နိမ့်ပါးသူများက ခေါင်းဆောင်နေရာသို့ ရောက်ရှိနေခြင်း၊ ထိုသူများ၏ ပညာအရည်အချင်းနှင့် ဖြတ်သန်းရသည့် ပတ်ဝန်းကျင် နိမ့်ပါးမှုကြောင့် သိမ်ငယ်စိတ်များပြီး ယုံကြည်မှု ပျောက်ဆုံးခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု မရှိသည့်အပြင် သူတစ်ပါး ယုံကြည်မှု ရရှိအောင် စွမ်းဆောင်နိုင်မှု မရှိခြင်း၊ အရည်အသွေး မပြည့်ဝဘဲ ရရှိထားသော နေရာကို တပ်မက်လာပြီး ထိုနေရာကို ဖယ်မပေး လိုသဖြင့် အရှည်ကို ကြည့်နိုင်စွမ်း မရှိဘဲ အာဏာရှင်ဆန်သော အပြုအမူများကို လုပ်ဆောင်လာခြင်းတို့...


ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အစိုးရ လောင်းရိပ်အောက်တွင် “လက်ကိုင်တုတ်” အသွင်ဖြင့် ရှိနေခဲ့သော NGO အဖွဲ့အစည်း များသည် သက်ဆိုင်ရာ နယ်ပယ်အလိုက် လောကသားများ၏ တောင်းဆိုချက်အရ အစိုးရ လက်အောက်မှ ခွဲထွက်ပြီး သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ထိုကဲ့သို့ ကြိုးပမ်းခဲ့ပြီး နောက်ပိုင်း အစိုးရ ၀န်ကြီးဌာန အချို့၏ ၀င်ရောက် စွက်ဖက်ရန် ကြိုးပမ်းမှုများ၊ သွယ်ဝိုက်သော နည်းဖြင့် “လက်ကိုင်တုတ်” အသွင်ဖြစ်ရန် လုပ်ဆောင်မှုများ ရှိလာချိန်တွင် ထိုအဖွဲ့အစည်းများ၏ မူဝါဒ (Principle) ခိုင်မာမှု မရှိခြင်း၊ လူအများစုနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချသည့် ဒီမိုကရေစီ အလေ့အကျင့် အားနည်းခြင်းနှင့် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ (institution) ခိုင်မာမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်သူများက ပြောကြားသည်။
ထို့အပြင် ပြဿနာများဖြင့် ရင်ဆိုင်နေရသော NGO များတွင် ခေါင်းဆောင် အရည်အသွေး ပြည့်ဝသူများက ခေါင်းရှောင်နေကြခြင်း ခေါင်းဆောင် အရည်အသွေး နိမ့်ပါးသူများက ခေါင်းဆောင်နေရာသို့ ရောက်ရှိနေခြင်း၊ ထိုသူများ၏ ပညာအရည်အချင်းနှင့် ဖြတ်သန်းရသည့် ပတ်ဝန်းကျင် နိမ့်ပါးမှုကြောင့် သိမ်ငယ်စိတ်များပြီး ယုံကြည်မှု ပျောက်ဆုံးခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု မရှိသည့်အပြင် သူတစ်ပါး ယုံကြည်မှု ရရှိအောင် စွမ်းဆောင်နိုင်မှု မရှိခြင်း၊ အရည်အသွေး မပြည့်ဝဘဲ ရရှိထားသော နေရာကို တပ်မက်လာပြီး ထိုနေရာကို ဖယ်မပေး လိုသဖြင့် အရှည်ကို ကြည့်နိုင်စွမ်း မရှိဘဲ အာဏာရှင်ဆန်သော အပြုအမူများကို လုပ်ဆောင်လာခြင်းတို့ ရှိလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။
“အစိုးရ အဖွဲ့အစည်း မဟုတ်တော့တဲ့ NGO တွေမှာ ခေါက်ရိုးကျိုးနေတဲ့ အကျင့်တွေ၊ စရိုက်တွေ၊ ပြီးတော့ အဖွဲ့အစည်းများရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်တွေကို အားလုံးပြောင်းဖို့ လိုတယ်။ ပြောင်းတဲ့အခါမှာ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ မူတွေကိုသာ ပြောင်းရုံမဟုတ်ဘဲ လူပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေ၊ အကျင့်စရိုက် တွေကိုလည်း ပြောင်းရမယ်။ အရင်အစိုးရ လက်ထက်က ကျင့်ကြံ လုပ်ဆောင်နေတဲ့ အကျင့်စရိုက် တွေကိုလည်း ပြောင်းလဲရမယ်။ အဲဒီအကျင့် စရိုက်တွေကို မပျောက်မချင်း ပြောင်းဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲလိုပြောင်းမှ အရင်တုန်းက လုပ်ခဲ့တဲ့ အကျင့်စရိုက်တွေကို ဖျောက်ပြီးတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ လုပ်ဆောင်လာတဲ့ အဖွဲ့အစည်းမျိုး ဖြစ်လာမယ်လို့ ပြောချင်ပါတယ်” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
“တစ်သက်လုံး နှစ်ပေါင်းငါးဆယ် ကျော်လောက် အစိုးရရဲ့ လက်ကိုင်တုတ် အသင်းတွေအဖြစ် ရပ်တည်ခဲ့ ကြတာပဲလေ။ သူတို့ချပေးတဲ့အတိုင်း၊ သူတို့ပြောခိုင်းတာတွေ ပြောရတာတွေက ခေါက်ရိုးကျိုး အကျင့်ပါနေပြီ။ နောက် ကျွန်တော်တို့က ဒီမိုကရက်တစ် institution တွေ ဖြစ်လာမယ်ဆိုရင် သဘောထား ကွဲလွဲတာတွေ၊ သူ့ဘက် ကိုယ့်ဘက် ရှိမှာပဲ။ ဒါကလည်း ကျွန်တော်တို့ သဘောထား ကြီးကြီးနဲ့ ဖွင့်ပေးရမှာပဲ။ မကျေနပ်ကြောင်း ပြောမယ်ဆိုရင်လည်း ပြောခွင့်ပေးပါ။ အမှားအမှန်က ပေါ်လာမှာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
“ဒါတွေက ဒီမိုကရေစီ မရင့်ကျက်တဲ့ သဘောပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ အာဏာရှင် စနစ်အောက်က ရုန်းထွက်ခဲ့ကြတယ်။ ရုန်းထွက်တယ်ဆိုတာ ကျွန်တော်တို့ အာဏာရှင်စနစ်ကို မကြိုက်လို့ ရုန်းထွက်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်နေ စိတ်ထားတွေ၊ ဆောင်ရွက်တဲ့ ပုံသဏ္ဌာန်တွေက အာဏာရှင် စနစ်ရဲ့ တွေးခေါ်စဉ်းစားမှု အောက်က တစ်ခါတလေမှာ ရုန်းမထွက်နိုင်ဘဲ ကျန်ခဲ့တာတွေ ရှိတယ်” ဟု လှည်းကူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အစိုးရ လောင်းရိပ်အောက်မှ ထွက်လာသော NGO အဖွဲ့အစည်းများ၏ လုပ်မှားကိုင်မှား များသည် အာဏာရှင်စနစ်၏ အကျိုးဆက်သာ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီက သုံးသပ်သည်။
“ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီ လက်တွေ့ ကျင့်သုံးမှုမျိုး နှစ်ပေါင်း ၅၀ လောက် ဖြတ်တောက် ခံခဲ့ရတယ်။ အဲဒီ အကျိုးဆက်ကြောင့် အခုအခါ အတော်အတန် ပြန်လည် ပွင့်လင်းလွတ်လပ် လာတော့လည်းပဲ အခက်အခဲတွေ ပြဿနာတွေ ပေါ်နေတာပါ။ အာဏာရှင် ပုံစံကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အစိုးရဌာန အုပ်ချုပ်ရေး ၀န်ထမ်းတွေဆိုရင် ဒီကနေ့အထိ အာဏာရှင်ဆန်ဆန် လူထုပေါ်မှာ အုပ်ချုပ်နေတုန်း၊ ဆက်ဆံနေတုန်းပဲ” ဟု ဦးကိုနီက ပြောကြားသည်။
“လူတွေရဲ့ စိတ်ထဲမှာက စစ်အာဏာရှင်ကို မကျေနပ်ဘူး ဆိုပေမယ့် တစ်ဖက်မှာလည်း အသိအမှတ် ပြုထားတာရှိတယ်။ သူတို့တည်ရှိမှုကို ကျွန်တော်တို့ စိတ်ထဲမှာ မသိမသာ လက်ခံထားတဲ့ အချက်တွေရှိတယ်။ ဥပမာ လွှတ်တော် ကိုယ်စားလှယ် တွေဆိုလည်း ဒီအတိုင်းပဲ။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့အခါမှာ သူတို့ကိုယ်တိုင်က သာမန်ပြည်သူနဲ့ မတူဘူးဆိုတာမျိုး တွေးထင်တာတွေ တွေ့လာရတယ်။ အရင်တုန်းက သူတို့က သာမန်ပြည်သူ လူထုဘ၀ကပဲ လာကြတာ။ ဒါပေမဲ့ ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှာ မတူတော့ဘူးပေါ့။ ထို့အတူပဲ အဖွဲ့အစည်းတွေ ကလည်းပဲ ဒီလိုပုံစံမျိုးတွေ တွေ့နေရတယ်။ ဒီမိုကရေစီ လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အာဏာပိုင်စိုးမှုကို တကယ်တန်း ကျွန်တော်တို့ အလေ့အကျင့် မရှိသေးဘူး။ စကားကသာ ပြောနေတာ နှလုံးသားထဲမှာ မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ သွေးလည်ပတ်မှုထဲမှာ မရှိသေးဘူး။ အဲဒါက ပြနေတာပဲ။ ပါးစပ်ကသာ ဒီမိုကရေစီလို့ ပြောနေပေမယ့် အာဏာရှင်ရဲ့ လောင်းရိပ်အောက်မှာ လူ့အဖွဲ့အစည်း တစ်ခုလုံး ရှိနေသေးတယ်” ဟု ဗေဒါနိုင်ငံရေး သင်တန်းကျောင်းမှ ဦးမျိုးရန်နောင်သိန်းက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
Post a Comment