Wednesday, September 4, 2013

ရခိုင်အမျိုးသားသမဂ္ဂနေ့အဖြစ် ကျင်းပခွင့်မရ၍ ရခိုင်တိုင်းရင်းသားတွေ့ ဆုံပွဲအဖြစ်သာကျင်းပ

ရခိုင်အမျိုးသားသမဂ္ဂ္ဂ တည်ထောင်ခဲ့သော ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငွေရတုအခမ်းအနားကို ရခိုင်အမျိုးသား သမဂ္ဂနေ့အဖြစ် ကျင်းပရန်ခွင့်ပြုချက်မရသောကြောင့် နာမည်ပြောင်း၍ ရခိုင်တိုင်းရင်းသားတွေ့ဆုံပွဲအဖြစ်သာ ကျင်းပရသည်ဟု ပွဲစီစဉ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးအေးသာ အောင်ကပြောသည်။

အဆိုပါ ရခိုင်အမျိုးသား သမဂ္ဂနေ့ ငွေရတုအခမ်းအနားကို အစိုးရသတ်မှတ်ထားသော အများပြည်သူနှင့် သက်ဆိုင်သည့်နေ့မဟုတ်သဖြင့်“နေ့”ဟူသောစကားလုံးသုံးခွင့်မပြုဘဲရခိုင်တိုင်းရင်းသားများ တွေ့ဆုံပွဲအမည်ဖြင့်သာ စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။

၎င်းက “ဒီနေ့ခေတ်ဒီနေရာမှာ မည်သည့်အဖွဲ့အစည်းမဆို ခွင့်ပြုချက်တင်ရင် အခမ်းအနားကျင်းပခွင့်ရပေမယ့် ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားသမဂ္ဂနေ့ကို ကျင်းပခွင့်မရပါဘူး။ ဒါဟာတိုင်းရင်းသားတွေကို ခွဲခြားတာလား၊ ဒါမှမဟုတ် ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အဟန့်အတား တစ်ခုဖြစ် နေတာလား ဆိုတာကို မေးစရာရှိပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

ယင်းအခမ်းအနား ကျင်းပရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံရက် ပေါင်း ၂၀ ကြိုတင်၍ စာတင်ခဲ့သော်လည်း စက်တင်ဘာ ၁ ရက်တွင် “ရခိုင်တိုင်းရင်းသားများစုပေါင်းတွေ့ဆုံပွဲ” အဖြစ်သာကျင်း ပရန်ခွင့်ပြုမိန့် ကျခဲ့သည်ဟုလည်း ဦးအေးသာအောင်ကပြောသည်။

ယင်းအခမ်းအနားနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ဥပဒေစည်းမျဉ်းတွေအရ အစိုးရကတရားဝင် သတ်မှတ်ထားတဲ့နေ့တွေကိုသာ “နေ့” လို့နာမည်တပ်ပြီး ကျင်းပလို့ရပေမယ့် အခြားအခမ်းအနားတွေကို “နေ့” လို့တပ်တာကိုခွင့်မပြုပါဘူး” ဟု အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စားပြောသည်။

စက်တင်ဘာ ၃ ရက်သည် ၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သော ရခိုင်အမျိုးသား သမဂ္ဂအဖွဲ့၏ နှစ်ဆယ့်ငါး နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး ယခုကျင်းပသောအခမ်းအနားမှာ အရေးတော်ပုံတွင် ပါဝင်ခဲ့သော ၊ ရဟန်းတော်များ၊ ရခိုင်တိုင်းရင်းသားများကို ဂုဏ်ပြုသော အခမ်းအနားဖြစ်သည်။

ယင်းအခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးက “ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်အမျိုးသား သမဂ္ဂနေ့ကို လာတက်တာဖြစ်တဲ့အတွက် ဒါဟာ ရခိုင်အမျိုးသား သမဂ္ဂနေ့လို့ပဲခံယူတယ်” ဟု အထိမ်းအမှတ် ဂုဏ်ပြုစကားပြောရာတွင်ထည့်သွင်း ပြောကြားသည်။

ရခိုင်အမျိုးသား သမဂ္ဂကို ၁၉၈၈ ခုနှစ်စက်တင်ဘာ ၃ ရက်တွင် ၈၈ အရေးတော်ပုံကာလ၌ ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများက စုပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းသမဂ္ဂ လက်အောက်တွင် ရန်ကုန်ရောက် ရခိုင်လူထု တစ်သိန်းကျော် ပါဝင်ခဲ့သည်။ ယင်းအဖွဲ့ဝင်များ အနေဖြင့် ၈၈ အရေးတော်ပုံတွင် လူထုလှုပ်ရှားများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သမဂ္ဂအဖွဲ့ဝင်များနှင့် ရခိုင်သဟာယအသင်းတို့ ပူးပေါင်း၍ ၁၉၈၈ ခုနှစ်အောက်တိုဘာလတွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD ကိုဖွဲ့စည်းခဲ့သည်။
(Source: Mizzima Burmese)

No comments: