Tuesday, September 3, 2013

ဆရာတော် ဦးဥတ္တမပြတိုက် ပထမဆုံးဆောက်မည်


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုသည့် အနေနှင့် အထိမ်းအမှတ်ပြတိုက် တည်ဆောက်သွားမည် ဖြစ်ကြောင်း ယင်းပြတိုက် ဖြစ်မြောက်ရေး ဦးဆောင် သည့် ရွှေစေတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးအရိယာဝံသက The Voice သို့ မိန့်ကြားသည်။

ငွေကျပ် သိန်းနှစ်ထောင်ဝန်းကျင် ကုန်ကျမည့် အဆိုပါ ပြတိုက်ကို စစ်တွေမြို့နယ် ရွှေစေတီကျောင်းတိုက်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အလှူငွေ ကောက်ခံမည် ဖြစ်ကြောင်း၊ ဆရာတော်က ကျပ်သိန်း ၅၀ မတည်ငွေအဖြစ် ထည့်ဝင်ထားကြောင်း ဆရာတော်က ဆက်လက် မိန့်ဆိုသည်။

ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားများ အမှတ်တရရှိအောင် ရည်ရွယ်၍ ဆောက်လုပ်ခြင်းဖြစ်ပြီး ဆရာတော် ဦးဥတ္တမ၏ ဓာတ်ပုံ ၄၀ ကျော် အပါအဝင် ဦးဥတ္တမ အသုံးပြုခဲ့သည့် ခုတင်၊ ရှေးဟောင်းပန်းကန်၊ ဂျပန်ခေတ်က ပိုးသင်္ကန်းတစ်စုံ၊ ရေသောက်ရာတွင် အသုံးပြုသည့် ရေပုလင်းနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် နိုင်ငံခြားသားများကို ဆရာတော် ရှင်းပြနေသည့် ၅ မိနစ်မှတ်တမ်း ရုပ်ရှင်များကို ပြသ သွားမည် ဖြစ်ကြောင်း ဆရာတော်ကပင် ဆက်လက်မိန့်ဆိုသည်။

“မှတ်တမ်းမှတ်ရာတွေမရှိရင် သမိုင်းကို မေ့ကုန်လိမ့်မယ်” ဟု ရွှေစေတီ ဆရာတော်ကြီးက မိန့်ဆိုသည်။

အဆိုပါပြတိုက် တည်ဆောက်ရန်အတွက် စက်တင်ဘာလ ၁ ရက်က စစ်တွေမြို့နယ် ရွှေစေတီကျောင်းတိုက်တွင် အုတ်မြစ်ချ အခမ်းအနား ပြုလုပ်ခဲ့ပြီး အလှူငွေသိန်း တစ်ရာကျော် ရရှိခဲ့ကြောင်း၊ ယင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီဝင်အချို့ တက်ရောက်ကြောင်း စစ်တွေဒေသခံတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်တွင် မွေးဖွားခဲ့သော ဆရာတော် ဦးဥတ္တမသည် ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကို ‘မင်းဗမာ ပြည်မှ ထွက်သွား’ ပါဝင်သောစာကို ပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံသားများကို နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။

ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ်နေ့နှင့် ဂုဏ်ပြုအခမ်းအနားများကို ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တိုင်း နှစ်စဉ်ကျင်းပခဲ့ပြီး ၁၉၈၈ ခုနှစ်အရောက်တွင် ရပ်ဆိုင်းခဲ့ရကာ အစိုးရသစ်တက်လာပြီး နောက်ပိုင်း ၂၀၁၁ ခုနှစ်တွင် ပြန်လည် ကျင်းပခွင့်ရခဲ့သည်။

ကောင်းဆက်နိုင်

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: