Wednesday, September 4, 2013

ပန်းနီလာ မူလွန်ကျောင်းတွင် ဆရာမတစ်ဦး ကျောင်းမလာ၍ စာသင်ရန် အခက်ကြုံ

ပန်းနီလာ မူလွန်ကျောင်း ( ဓါတ်ပုံ - နိရဉ္စရာ)
 
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာ မူလွန်ကျောင်းတွင် ဆရာမလုံလောက်သဖြင့် ကျောင်းသားများ စာသင်ရန် အခက်အခဲ ကြုံနေချိန်တွင် ဆရာမ တစ်ဦး ကျောင်းမလာသည်မှာ ကျောင်းဖွင့်ချိန်ကတည်းက ဖြစ်သဖြင့် ကျောင်းသားမိဘများ အထူး စိတ်မချမ်းမသာ ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။

ဆရာ ဆရာမ ၁၄ ဦးခန့်လိုအပ်သော ပန်းနီလာ မူလတန်း(လွန်) စာသင်ကျောင်းတွင် ဆရာ ဆရာမ ၁၀ ဦးသာ ရှိပြီး ထိုအထဲတွင် ဆရာမ တစ်ဦး ကျောင်းမလာသည်မှာ ဇွန်လ ကျောင်းဖွင့်သည့် ကတည်းက ဖြစ်သည်ဟု ရွာသား တစ်ဦးက ပြောသည်။

“ ဆရာမ နာမည်က ဦးခင်သန်း (အလပြ) ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့က ကျောင်း တစ်ရက် ရောက်လာပြီ နောက်ထပ် မရောက်လာတာ ဒီကနေ့ အချိန်ထိ ဖြစ်ပါတယ်။ ခွင့်ယူထားတာလား။ ပျက်ကွက်တဲ့ အကြောင်းကို ရွာသားတွေ မသိရပါ” ဟု ရွာသားက ဆိုသည်။

ပန်းနီလာ မူလတန်း (လွန်) ကျောင်းတွင် သူငယ်တန်းမှ ခုနှစ်တန်းထိ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေကြပြီး ဆရာ မလုံလောက်သဖြင့် ဆရာ တစ်ဦးလျှင် အတန်း (၂) တန်းကို တွဲကိုင်နေရသည်ဟု ဆိုသည်။

စာသင်ကြားရန် မရသည်ထိ ပျက်စီးနေသော ပန်းနီလာ အလယ်ကျောင်းဆောင် ( ဓါတ်ပုံ- နိရဉ္စရာ)
စာသင်ကြားရန် မရသည်ထိ ပျက်စီးနေသော ပန်းနီလာ အလယ်ကျောင်းဆောင် ( ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ်ရှိ ကျောင်းအချို့တွင် ဆရာ ဆရာမများ ကျောင်းမလာကြဘဲ ပြင်ပ စီးပွားရေးကို လုပ်ကိုင်နေကြကြောင်း၊ သူတို့၏ လစာအား သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများနှင့် တစ်ယောက် တ၀က်စီ ခွဲဝေယူနေသော အလေ့အထများ ဖြစ်ပေါ်နေကြောင်း၊ သို့အတွက် သက်ဆိုင်ရာ ပညာရေးမှူးများကို ဆရာ ဆရာမများ ကျောင်းမလာ၍ ကျေးရွာသားများ တိုင်ကြားသော်လည်း အရေးမစိုက်ဘဲ ထားကြောင်း ပညာရေးဌာနနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ယင်းအပြင် ပုဏ္ဍားကျွန်းမြို့နယ်ရှိ ပန်းနီလာ မူလွန်ကျောင်းတွင် အဓိက အလယ်ကျောင်းဆောင်မှာလည်း ပြုပြင်မူ မရှိ၍ ပြိုပျက်နေသဖြင့် စာသင်၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ အလယ် ကျောင်းဆောင် သမံတလင်း ကြမ်းခင်းမှာလည်း ကျောင်းသားများအား စာသင်၍ မရအောင်ထိ ယိုယွင်း ပျက်စီးနေပြီး ခေါင်းမိုးမှာလည်း အချိန်မရွှေး ပြိုပျက်ရန် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်အားလည်း အမြန်ဆုံး သက်ဆိုင်ရာက စစ်ဆေးကာ ပြုပြင်ပေးရန် ကျေးရွာသားများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: