ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN)က မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာ သုံးလသင်တန်းကို စက်တင်ဘာလ ၂ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်ပေးနေကြောင်း MWRN ကို တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုဇော်မှ ပြောသည်။
ဓါတ်ပုံ - www.mwrn.orgဓါတ်ပုံ - www.mwrn.org
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ၄င်းက " ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကွန်ယက်မှာ ပုံမှန်သင်ကြားပေးနေတဲ့ တနင်္ဂနွေနေ့ အခြေခံကွန်ပျူတာ သင်တန်းကို နောက်ထပ် တက်လာကြမဲ့ အလုပ်သမားအသစ်တွေကို ပြန်ပြီးသင်ကြားပေးနိုင်ဖို့အတွက် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ သင်တန်းကတော့ သုံးလသင်တန်း ဖြစ်ပြီးတော့ ဒီနေ့ပဲ စပြီးသင်ကြားပါတယ်။ " ဟု ပြောသည်။
အဆိုပါသင်တန်းကို ကွန်ပျူတာနည်းပညာရှင်တစ်ဦးဖြစ်သည့် ညီနေမင်း (နည်းပညာ)မှ သင်ကြားပေးမည်ဖြစ်ကြောင်း ကိုဇော်ကဆိုသည်။ ယခု ဖွင့်လှစ်မည့် အခမဲ့ ကွန်ပျူတာသင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ၊ သင်တန်းချိန် ညနေ ၆ နာရီမှ ၈ နာရီထိဖြစ်ပြီး သင်တန်းသူ/သား ၁၄ ဦးမှ တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသော သင်တန်းသူ/သားများမှာ ကွန်ယက်မှ ကော်မတီဝင်များနှင့် ယခင် အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ထားပြီးသူများဖြစ်ပြီး ၄င်းတို့အား ပညာသင်ဆုပေးသည့် အနေဖြင့် ကိုညီနေမင်းနှင့် သင်ကြားပေးခြင်းဖြစ်ကြောင်း ကိုဇော်မှ ဆက်ပြောသည်။
" အခု ရွေးချယ်ထားတဲ့ သင်တန်းသား ၁၄ ဦးကတော့ ကွန်ယက်က ကော်မတီဝင်တွေအပြင် အရင်တုန်းက အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ဖူးတဲ့ အလုပ်သမားတွေထဲက ရွေးချယ်ထားတာ ဖြစ်ပါတယ်။ သူတို့ကို ပညာသင်ဆု ပေးတဲ့အနေနဲ့ အခုလို သင်တန်းဖွင့်လှစ်ပြီးတော့ ကိုညီနေမင်းနဲ့ သင်ကြားခွင့်ပေးတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN) မှာ လွန်ခဲ့သော ၂ နှစ်ကတည်းက ရွှေ့ပြောင်း အလုပ်သမားများအား အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာနှင့် အခြေခံ ကွန်ပျူတာ သင်တန်းများကို သင်ကြားပေးနေကြောင်း သိရသည်။
MWRN ကွန်ယက်ကို ၂၀၀၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သော အရေးကိစ္စပေါင်းစုံ မှန်သမျှကို ကူညီဆောင်ရွက်ပေးနေသော ကွန်ယက်တစ်ခုလည်း ဖြစ်သည်။