Wednesday, October 9, 2013

သံတွဲမြို့နယ် ရတပ ပါတီဥက္ကဌကို ဒေါက်တာအေးမောင် သွားရောက်တွေ့ဆုံ

Myanmar police in Arakan
 
သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်နှင့် ဆက်စပ်သည်ဟု စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခံနေရသည့် သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်ကို ပါတီဗဟို ဥက္ကဌ ဒေါက်တာ အေးမောင် ဦးဆောင် သည့် ပါတီခေါင်းဆောင်များ ယနေ့တွင် သွားရောက် တွေ့ဆုံခဲ့သည်။

“ ယနေ့ ညနေ ၃ နာရီမှာ သံတွဲ အကျဉ်ထောင်မှာ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ဦးစောလှိုင်အား အာဏာပိုင်များမှ ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သတ်ပြီး ဒေါက်တာ အေးမောင်က သူ၏ သဘောထားကို ယခုကဲ့သို့ ပြောသည်။

“ မီးလောင်စေမှု၊ မီးရှို့မှုနဲ့ ဦးစောလှိုင်ကို စွပ်စွဲပြီး ဖမ်းထားတယ်။ ဒီစွဲချက်တွေနဲ့ ဖမ်းတယ်ဆိုတာက ရယ်ဖို့ ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုရင် ဦးစောလှိုင်ကို ဖမ်းတာက ဦးကျော်ဇံလှနေအိမ် မီးလောင်မှုနဲ့ ဖမ်း တယ်။ ဦးစောလှိုင်ကို ဖမ်းတာက ည ၁၁ နာရီးပါးမှာ ဖမ်းတယ်။ မီးလောင်မှု ဖြစ်တာက မနက်အာရုံ ၁ နာရီကျော် ခန့်မှာဖြစ်တယ်။ ဖမ်းတာက အရင် မီးလောင်တာက နောက်ဖြစ်နေတယ်။ နောက်ပြီး သူ (ဦးစော လှိုင်)ကို တိုင် ချက်ဖွင့်တဲ့သူက ဦးကျော်ဇံလှဖြစ်နေတယ်။ ဦးကျော်ဇံကလည်း အဲဒီနေ့က ဦးစော လှိုင်နဲ့အတူ ထောင်ထဲမှာ အတူရှိနေတယ်။ အကျဉ်းကျနေသူရဲ့ စွပ်စွဲချက်ကြောင့် နောက်မှလာပြီး ကြိုပြီးဖမ်းဆီးတဲ့ သဘောဖြစ်နေတယ်။”

သံတွဲမြို့နယ် ဥက္ကဌ ဦးစောလှိုင်ကို အာဏာပိုင်များက ပုဒ်မ ၄၃၆၊ ၄၂၇ မီးလောင်စေမှု၊ မီးရှို့မှုတို့ဖြင့် စွပ်စွဲ ဖမ်းဆီးထားခြင်းဖြစ်သည်။

သံတွဲမြို့နယ် ဥက္ကဌ ဦးစောလှိုင်မှ အာဏာပိုင်များမှ စွပ်စွဲထားသည့် ပြစ်မှုများကို သူ့အနေနှင့် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ပြောဆိုခဲ့ကြောင် ဒေါက်တာ အေးမောင်ကပြောသည်။

“ သူ့အနေနဲ့ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တာ မရှိဘူးလို့ ကျွန်တော်တို့ကို ပြောပြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း သူဒီလို ပြစ်မှုတွေကို မကျူးလွန်ဘူးဆိုတာ ယုံကြည်ပါတယ်” ဟု ဆိုသည်။

သံတွဲမြို့နယ် ရတပ ပါတီဥက္ကဌ ဦးစောလှိုင်ကို အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရဲတပ်သား နှစ်ဦးက အရာရှိမှ မေးမြန်းစရာရှိသည်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဒေါက်တာ အေးမောင်တို့အဖွဲ့သည် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် တိုင်းမှူး အပါအ၀င် ခရိုင်ရဲ မှုတို့နှင့် ယနေ့တွင် တွေ့ဆုံပြီး ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် စွပ်စွဲဖမ်းဆီးခံနေသူများ ကိစ္စကို ဆွေးနွေး ခဲ့ကြသည်။

“အခု ဖမ်းဆီးထားတဲ့ သူတွေထဲက အပြစ်တစ်စုံတရာမရှိတဲ့သူတွေ မကြာမီအချိန်အတွင်းမှာ လွတ်မြောက် မယ်လို့ သိရပါတယ်။ အပြစ်ရှိတဲ့ သူတွေကိုလည်း ကျူးလွန်ခဲတဲ့ အပြစ်အပေါ်မူတည်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

သံတွဲမြို့နယ်အတွင်း ဆူပူမှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၆၀ ကျော်ကို အာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးနေပြီး အများစုမှာ ရခိုင်အမျိုးသားများဖြစ်ကြသည်။

ဦးစောလှိုင်ကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ခေါ်ယူဖမ်းဆီးစစ်နေရသူများမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရ သူများဖြစ်ပြီး သူတို့ကို အမြန်ဆုံးလွှတ်ပေးရေးမှာ ဖမ်းဆီးထားသူများ၏ တာဝန်သာ ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: