Thursday, October 3, 2013

နိုင်ကျဉ်းသားများ လွတ်မြောက်ရေး ရခိုင်ရဟန်းတော် မန္တလေးမှ ရခိုင်သို့ တစ်ကိုယ်တော်လမ်းလျှောက်

Myanmar_protests
သံဃာတော်များ ဆန္ဒထုတ်ဖော်နေပုံ (ဓာတ်ပုံ- အင်တာနက်)
လက်ကျန် နိုင်ငံရေး အကျဉ်းသားများကို လွှတ်မြှောက်ရေး အတွက် ရခိုင် ရဟန်းတော် တစ်ပါးသည် မန္တလေးမြို့မှ ရခိုင်သို့ တစ်ကိုယ်တော် လမ်းလျှောက် ချီတက်ပြီး ဆန္ဒ ထုတ်ဖေါ်နေသည်ဟု သိရသည်။

၎င်းရဟန်းတော်မှာ အရှင် ရက္ခ၀ံသ ဖြစ်ပြီး ယနေ့တွင် မန္တလေးတိုင်း ကူမဲမြို့အနီး အံမြင့်မော်သို့ ရောက်ရှိနေပြီဟု သူ့ခရီးစဉ်အား အနီးကပ် လိုက်ပါ စောင့်ရှောက်ပေးနေသူ ကိုသန်းဆွေက ပြောသည်။

“ ဦးဇင်းက အစာငတ်ခံပြီး ဆန္ဒဖေါ်ထုတ်နေတာ ဖြစ်ပါတယ်။ ရေတမျိုးတည်းကိုသာ သုံးဆောင်ပြီး အစာမသုံးဆောင်ဘူး။ အခု ဦးဇင်းက ကူမဲမြို့ကို မရောက်မီ မိုင် ၂၀ ခန့်အကွာ အံမြင့်မော်ကို ရောက်နေပါပြီ။ မိုးချုပ်ပြီး ဘာမှ မမြင်ရပေမယ့် ဦးဇင်း လမ်းဆက်လျှောက်နေတုန်း ဖြစ်ပါတယ်” ဟု မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းက နိရဉ္စရာသို့ ပြောသည်။

မနက်ဖြန်တွင် မိတ္ထီလာမြို့သို့ ရောက်ရှိနိုင်သည်ဟု သူက ပြောသည်။

ဦးဇင်း၏ တစ်ကိုယ်တော် လမ်းလျှောက်ချီတက်သည့် ခရီးစဉ်တွင် ABSDF ဥက္ကဌ ကိုသံခဲ၏ အစ်ကိုနှင့် ညီဖြစ်သူ အပါအ၀င် မြို့ခံများ၊ ၈၈ ပွင့်လင်း လူအဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ အင်အားစုများထဲမှ ကိုသန်းဆွေနှင် ကိုဝင်းမောင်ဦးတို့ လိုက်ပါလာပြီး လိုအပ်သည်များကို ကူညီနေသည်ဟု ဆိုသည်။

ယင်းပြင် စရဖ၊ SB၊ ထောက်လှမ်းရေးများကလည်း နောက်က လိုက်ပါ ကူညီနေသည်ဟု ကိုသန်းဆွေက ပြောသည်။

အောက်တိုဘာလ (၁) ရက်နေ့ နေ့လယ်က မန္တလေးမြို့မှ ခရီးစဉ် စတင်ခဲ့ပြီး ညနေပိုင်းတွင် ပုလိပ်မြို့သို့ ရောက်ရှိလာပြီး ယင်းမြို့တွင် ညအိပ်ရပ်နားခဲ့သည်။

ဦးဇင်း၏ လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ပွဲအား အာဏာပိုင်များက တစ်စုံတစ်ရာ နှောင့်ယှက် ဟန့်တားမူ မရှိကြောင်း၊ သို့သော်လည်း အမရပူရ ရဲမှူးကတော့ “ ဘုန်းဘုန်း တစ်ပါးတည်း လျှောက်ပါ။ ၀ိုင်းရံတာတို့ ဘာတို့ မလုပ်ပါနဲ့” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များကလည်း လိုက်ပါစောင့်ရှောက်သူများကို ဆိုင်ကယ်နဲ့ အကြိုအပို့ လုပ်ပေးခဲ့သည်ဟု သိရသည်။ ပုလိပ် မြို့နယ် သံဃာနာယကမှ ဦးဇင်း ရက္ခ၀ံသအား လမ်းမလျှောက်ဘဲ ကားနှင့် သွားရန် လျှောက်ထားခဲ့သည်ဟု သိရသည်။

ရဟန်းတော် အရှင် ရက္ခ၀ံသသည် ယခင်ကလည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် မိုင် ၄၀၀ ခရီးကို လမ်းလျှောက်ချီတက် ဆန္ဒ ဖေါ်ထုတ်ခဲ့သလို အစာငတ်ခံပြီး ဆန္ဒဖေါ်ထုတ်ခဲ့သည်ဟု သိရသည်။

အာဏာပိုင်များက တစ်စုံတစ်ရာ အကြောင်း မပြန်သဖြင့် တတိယ အကြိမ်တွင် မန္တလေးမှ ရခိုင်ပြည်နယ် ကျောက်တော် မဟာမုနိနှင့် စစ်တွေသို့ တစ်ကိုယ်တော် လမ်းလျှောက်ကာ ဆန္ဒဖေါ်ထုတ်နေခြင်း ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: