ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ RNDP တို့သည် ရခိုင်အမျိုးသား ပါတီ ANP အဖြစ်
ပူးပေါင်းလိုက်ခြင်းသည် ရခိုင်ပြည်သူများ၏ တိုက်တွန်းမှုများကြောင့်
ဖြစ်သည်ဟု ANP ပါတီ၏ ပထမဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမသို့ ပြောသည်။
“ပြည်သူတွေတိုက်တွန်းလို့ လုပ်ရတယ်ဆိုတာကတော့အမှန်ပဲ၊ ကျွန်တော်တို့ကရခိုင်မှာ ၁၉၉၀ လောက်ကလည်း ပါတီကွဲတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ မညီညွတ်ကြဘူး။ အဲ့တော့ ပြည်သူတွေအတွက် ဒုက္ခရောက်တယ်။ အဲ့တော့ အခုနောက်ပိုင်းမှာရှိတဲ့ ပါတီတွေကို အင်အားလည်းများအောင်၊ တစ်ခုခုဆို တစ် စုတစ်စည်းတည်း လုပ်လို့ ရအောင် ပူးပေါင်းစေချင်ကြတယ်”ဟု ဦးအေးသာအောင်က ပြောသည်။
ရခိုင်ပါတီနှစ်ခုအား ပူးပေါင်းရန် ရခိုင်ပြည်သူများက ALD နှင့် RNDP ပါတီများမှ ရခိုင်ပြည်နယ် တာဝန်ခံများထံ စာဖြင့်အကြောင်းကြားခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီနှစ်ခုမှ ဥက္ကဋ္ဌများ ရခိုင်ပြည်နယ် သို့သွားရောက် စဉ် ကာလများတွင်လည်း စာဖြင့်သော်လည်းကောင်း နှုတ်ဖြင့်သော်လည်းကောင်း အကြံပေးမှုများ၊ တိုက်တွန်းမှု များ ရှိခဲ့သည်ဟု ဆိုသည်။
ANP ပါတီအဖြစ် တရားဝင်မှတ်ပုံတင်ရန် လာမည့်အပတ်အတွင်း ဥက္ကဋ္ဌနှစ်ဦးတို့ နေပြည်တော်သို့ သွားရောက် ရန်ရှိသည်ဟုလည်း သိရသည်။
“လာမယ့်အပတ်မှာတော့ ပါတီက ဥက္ကဋ္ဌနှစ်ယောက်ဖြစ်တဲ့ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင်တို့က
နေပြည်တော်ကိုသွားပြီး မှတ်ပုံတင်လိမ့်မယ်၊ နောက်ပိုင်းကိစ္စတွေကိုတော့ ပါတီမှတ်ပုံတင်တာပြီးမှ ဆက်လုပ် မယ်၊ ဒါပြီးရင် ပါတီတစ်ခုစီက ကိုယ်စားလှယ် ၁၅ ယောက်စီ ရွေးထားတယ်၊ အဲ့ကနေ ပြန်ပြီး ပါတီတစ်ခုမှာ လိုအပ်မယ့် ရာထူးတွေ ရွေးဖို့လည်း ရှိတယ်”ဟု ANP ပါတီ၏ အဖွဲ့ဝင် ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။
ပါတီအသစ်၏ မူဝါဒများ၊ စည်းမျဉ်းများကိုလည်း ရေးဆွဲပြီးပြီဖြစ်ပြီး မူဝါဒများတွင် ပြည်တွင်းစစ်မဖြစ်စေရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး၊ တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး၊တိုင်းရင်းသားပါတီများစည်းလုံးညီညွှတ်ရေး၊ ဒီမိုကရေစီ အင်အားစုများ စည်းလုံးညီညွှတ်ရေး စသည့်အချက်များ ထည့်သွင်းရေးဆွဲထားသည်ဟု ပါတီဝင်များက ဆိုသည်။
ALD နှင့် RNDP ပါတီတို့သည် ANP ပါတီအဖြစ် ပူးပေါင်းရန် အောက်တိုဘာလ ၅ ရက်နှင့် ၆ ရက်များတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Cafe'47 တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
(Source: Mizzima Burmese)

No comments:
Post a Comment