Wednesday, October 2, 2013

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်

k.2.10.2013.3
သမ္မတ ဦးသိန်းစိန်နှင့် မောင်တောမြို့ မှ မြို့မိမြို့ဖများနှင့် အောက်တိုဘာ ၁ ရက်က တွေ့ဆုံစဉ်
 ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက်လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ''တွေ့ဆုံရာတွင် ဒေသတည်ငြိမ် အေးချမ်းဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းမှ နိုင်ငံခြားသားများ ၀င်ရောက်မည့် ကိစ္စတွေကို ပြောကြားခဲ့တယ်''ဟု မြောက်ဦးမြို့မှမြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ မြောက်ဦးမြို့မှတစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျောက်တော်မြို့တွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက မြို့ရေပေးရေး စီမံကိန်းနှင့် လျှပ်စစ်မီး ရရှိရေးကိစ္စများကို တင်ပြခဲ့ကြောင်း၊ ယင်းမှတစ်ဖန် မောင်တောမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
''သမ္မတကြီးကတော့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မတ်တတ်ရပ်ပြီး တွေ့ဆုံခဲ့တာ ဖြစ်တယ်။ ပြောတာကတော့ ယခင်ကလည်း ဒီမှာ ညီအစ်ကိုလို၊ သူငယ်ချင်းလို အတူနေလာခဲ့ကြတာမလား။ နောက်လည်း ဆက်လက်ပြီး ပြဿနာမဖြစ်ဘဲ ဆက်လက် နေထိုင်ကြဖို့ ပြောတယ်။ ဖြစ်သွားတဲ့ ကိစ္စတွေဟာ ဒေသတွင်းမှာ ထိခိုက်နစ်နာမှုတွေ အများအပြား ဖြစ်သွားသလို မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ ပုံရိပ်ဆိုးရွားခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ပြောတယ်။ ဘင်္ဂါလီတွေကိုလည်း ဒီဒေသမှာ အေးအေးချမ်းချမ်းနေဖို့ ပြောပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံတွေ အုပ်ချုပ်ရေးမှူးတွေ ၀ိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်တွေကို ပြည်နယ်အစိုးရ၊ လွှတ်တော်ကို တင်ပြဖို့၊ ပြီးမှ ဘတ်ဂျက်ဆွဲတဲ့အခါ ပါဖို့အကြောင်းတွေကို ပြောပါတယ်''ဟု သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။မောင်တောမြို့တွင် တွေ့ဆုံရာ၌ တိုင်းရင်းသားများဘက်မှ ၁၀ ယောက်၊ ဘင်္ဂါလီဘက်မှ ၂၀ကျော် ပါဝင်ခဲ့သည်။
တင်ပြခဲ့သည့်အချက်များမှာဘင်္ဂါလီဘက်မှတက္ကသိုလ်ကျောင်းသားများ ပြန်လည် ကျောင်းတက်နိုင်ရေးအား တင်ပြခဲ့ပြီး ရခိုင်တိုင်းရင်းသားဘက်မှ လမ်းပန်း ဆက်သွယ်ရေးကိစ္စများအား တင်ပြခဲ့ကြောင်းလည်း သိရသည်။ မောင်တောမှစစ်တွေသို့ညနေ၃နာရီမိနစ်၅၀ခန့်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၀၀ခန့်ကသမ္မတကြီးကျန်းမာပါစေဆိုသည့်ပိုစတာများ၊ နိုင်ငံတော်အလံများအား ဝှေ့ယမ်းကာ လေဆိပ်ဝင်ထွက်လမ်းတွင် စီတန်းကာ ကြိုဆိုခဲ့သည်။
နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ လိုက်ပါလာပြီး စုစုပေါင်း ၃၀ ကျော် ပါလာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား အဓိကရုဏ်းများ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် ဘင်္ဂါလီစုစုပေါင်း ၁၉၂ ဦး သေဆုံးခဲ့ရာ ၂၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: