နိုင်ငံတော် သမ္မတဦးသိန်းစိန် စစ်တွေမြို့သို့ ရောက်ရှိလာစဉ် ဒေသခံမြို့မိမြို့ဖ ၁၅ဦးကို သီးသန့်တွေ့ဆုံခဲ့သော်လည်း သမ္မတကို တင်ပြစရာများကို တင်ပြခွင့်မရရှိခဲ့ကြောင်းတွေ့ဆုံခဲ့ကြသူများက ပြောကြားခဲ့ကြသည်။
နိုင်ငံတော် သမ္မတ္တ ဦးသိန်းစိန်အား ရခိုင်ပြည်နယ် ကျောက်ဖြူလေဆိပ်၌ ဒေသခံပြည်သူများက ကြိုဆိုနုတ်ဆက်ကြစဉ်။ (ဓါတ်ပုံ - သမ္မရုံးဝက်ဆိုဒ်)နိုင်ငံတော် သမ္မတ္တ ဦးသိန်းစိန်အား ရခိုင်ပြည်နယ် ကျောက်ဖြူလေဆိပ်၌ ဒေသခံပြည်သူများက ကြိုဆိုနုတ်ဆက်ကြစဉ်။ (ဓါတ်ပုံ - သမ္မရုံးဝက်ဆိုဒ်)
အောက်တိုဘာလ (၁)ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့ မြို့တော်ခန်းမတွင် နိုင်ငံတော်သမ္မတက ဒေသခံ မြို့မိမြို့ဖ ကိုယ်စားလှယ်များအဖြစ် ဦးမောင်ထွန်းကျော်၊ ဦးရွှေထွန်းအောင်၊ ဦးစံလှ၊ ဦးလှသာထွန်း၊ ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးရွှေကျော်သာ၊ ဦးရွှေစောအောင်၊ ဦးစောလှိုင်၊ ဦးသာနို့အောင်၊ ဦးစံကျော်၊ဦးမြင့်ဦး၊ ဦးသန်းရွှေ တို့အပါအ၀င် မြို့မိမြို့ဖ ၁၅ဦးကိုတွေ့ဆုံကာ လက်ရှိနိုင်ငံတော် အခြေအနေများကိုရှင်းပြခဲ့သည်။
သမ္မတနှင့် တွေ့ဆုံခဲ့သူ ဦးသန်းထွန်းက "သမ္မတပြောတာက ယေဘုယဆန်ပါတယ်၊ သူတာဝန်ယူထားတဲ့ နှစ်နှစ်ခွဲအတွင်းမှာ သူလုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး၊ငြိမ်းချမ်းရေး၊ နိုင်ငံခြားရေး၊ စီးပွါးရေးပေါ့ အဲဒီဟာတွေကို သူလုပ်ဆောင်ခဲ့ပုံတွေကို ပြောပြတယ်။ နိုင်ငံတကာဖိအား ဒဏ်ကလွှတ်အောင် စီးပွားရေး ပိတ်ဆို့မှုဒဏ်က လွှတ်အောင် လုပ်ဆောင်ခဲ့ရပုံများကို ရှင်းပြတယ်။ နောက်ဆုံးက တိုင်းပြည် ဖွံဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းပြည်တည် ငြိမ်အေးချမ်းမှ ဖြစ်မယ်ဆိုပြီးတော့ ပြောတယ်။ ပုံမှန်အတိုင်းပါပဲ" လို့ အာရ်ကန်တိုင်းမ်စ်ကို ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့နည်းတူ ရခိုင်ပြည်နယ်အနှံ့ မီးလင်းအောင် ဂတ်စ်တာဘိုင်နှင့် လျှပ်စစ်ဓါတ်အားပေး စက်များကျောက်ဖြူမြို့နယ်တွင် ထပ်မံတည်ဆောက် နေကြောင်း သမ္မတက စစ်တွေမြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့စဉ် ထည့်သွင်းပြောကြားသွားခဲ့သည်။
သမ္မတနှင့်တွေ့ဆုံစဉ် စစ်တွေမြို့မိမြို့ဖအနေနှင့် တင်ပြစရာများရှိကြသော်လည်း သမ္မတကအချိန်မပေးနိုင်သည့်အတွက် တင်ပြခွင့်မပြုခဲ့ကြောင်း သိရသည်။
" သမ္မတက အချိန်မရတော့လို့ တင်ပြခွင့်မရှိ၊ သို့သော် ရခိုင်ပြည်နယ် ၁၇မြို့နယ် ကရေးထားတဲ့ သမ္မတထံတင်ပြရန်စာတမ်းကို သူကိုယ်ရေး အရာရှိကနေတဆင့် ပေးအပ်လိုက်ပါတယ်။ " လို့ ဦးသန်းထွန်းက ထပ်မံပြောကြားသွားသည်။
သမ္မတ ရခိုင်သို့ ရောက်ရှိနေစဉ် ကာလအတွင်း သံတွဲမြို့နယ်တွင် လူမျိုးရေးပဋ္ဋိပက္ခ များပေါ်ပေါက်ခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes)