Monday, October 21, 2013

ဘင်္ဂလားဒေ့ခ်ျ ရာမူး (ပန်းဝါ) ၀ါကျွတ်ပွဲတော် အထူးစည်ကား

Narinjara-3
 
ဘုန်းတော်ကြီး ကျောင်းများ မီးရှို့တိုက်ခိုက်ခံရမူကြောင့် တနှစ်တာ ရပ်နားထားခဲ့ရသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရာမူး (ပန်းဝါ)မှ ၀ါကျွတ်ပွဲတော်ကို ယခုနှစ်တွင် ပြန်လည် ကျင်းပရာ လူပေါင်း သောင်းချီ ပါဝင် ဆင်နွဲခဲ့ကြသည်။

ဝါကျွတ်ပွဲတော်၏ နောက်ဆုံးနေ့ ဖြစ်သော အောက်တိုဘာလ ၂၀ ရက်နေ့ ညနေက ရာမူး(ပန်းဝါ) ချောင်းအတွင်း ရောင်စုံ စက္ကူများဖြင့် အလှဆင်ထား ဆီးမီးဖေါင်များ၊ ပြဿဒ်များအား မျှောချရာ မြစ်ကမ်းဘေးမှ လူပေါင်း သောင်းချီပြီး ပါဝင်ပြီး လာရောက်ကြည့်ရှု့ခဲ့ကြသည်။

ရာမူး ပန်းဝါမြို့မှ ရခိုင်လူငယ် တစ်ဦးက ပွဲတော် စည်ကားပုံကို ယခု ပြောသည်။

“ လူပေါင်း သုံးလေးသောင်းခန့် လာကြပါတယ်။ မာရမာကြီး (ဘရ၀ါ)၊ ရခိုင်၊ ဟိန္ဒို တွေအပြင် ဘင်္ဂလီ လူမျိုးတွေလည်း ပွဲတော်ကို လာကြည့်ကြပါတယ်” ဟု ဆိုသည်။

ရာမူး (ပန်းဝါ) သည် ယခင်က ရခိုင်လူမျိုးများ ထောင်နှင့် ချီ၍ နေထိုင်ခဲ့သော မြို့ဖြစ်ပြီး စီးပွားရေး အရ အထူး တွင်ကျယ်ခဲ့သော မြို့ဖြစ်သည်။ ဗမာ စစ်သူုကြီး မဟာန္ဓုလ၏ ရာမူး (ပန်းဝါ) တိုက်ပွဲကြောင့်လည်း ၎င်းမြို့သည် သမိုင်းတွင် ထင်ရှားသည်။

ယခုအခါ ရခိုင်လူမျိုးများမှာ မရှိသလောက် နည်းပါးသွားခဲ့ပြီး ယခင်က ရခိုင် လူမျိုးများ တည်ဆောက် ကိုးကွယ်ထားခဲ့သော စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများကို မာရမာကြီး (ဘရ၀ါ) လူမျိုးများက ထိန်းသိမ်းစောင့်ရှောက်ထားကြရပြီး ယဉ်ကျေးမူနှင့် သက်ဆိုင်သော ပွဲတော်များ ကိုလည်း ၎င်း လူမျိုးများကပင် ဦးဆောင် ကျင်းပကြသည်။

“ ယခင်က ဒီလို ၀ါကျွတ်ပွဲတော်ကို ရခိုင်တွေက ပြုလုပ်ခဲ့ကြတာပါ။ အခု ရခိုင်တွေလည်း သိပ်မရှိတော့ဘူး။ ရှိတဲ့ လူတွေကလည်း ဦးဆောင်နိုင်စွမ်းလည်း မရှိတော့ဘူး။ ဒါကြောင့် ဘရာဝါ (မာရမာကြီး) လူမျိုးတွေက ဦးဆောင်ပြီး ကျင်းပနေကြတာ ဖြစ်ပါတယ်” ဟု ၎င်း ရခိုင် လူငယ်က ပြောဆိုသည်။
Narinjara-2

လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၃၀ ရက်နေ့က ရာမူး (ပန်းဝါ)မြို့တွင် ရှေးဟောင်း လက်ရာ ဘုန်းတော်ကြီးကျောင်း (၁၉) ကျောင်းကို အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီး တိုက်ခိုက်ခဲ့ကြသည်။

၎င်းနောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက တာဝန်ယူပြီး ဘုန်းတော်ကြီး ကျောင်းများကို အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ သန်း အကုန်အကျခံကာ တနှစ်နှင့် အပြီး ပြန်လည် တည်ဆောက်ပေးခဲ့သည်။

ယမန်နှစ်က ၀ါကျွတ်ပွဲတော်ကို ရာမူး (ပန်းဝါ)တွင် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ယခုနှစ်တွင် ပြန်လည် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ဘုရားရှင်အား ရည်မှန်းပြီး သုံးရက်တိုင် မီးပူဇော်ထားသော ပြဿဒ်၊ ဆီးမီးဖေါင်များကို ချောင်းထဲတွင် မျှောချရာ ဖေါင်ပေါ်တွင် လူငယ်အများအပြားက သီချင်းပြိုင်တူ သီဆိုပြီး က၍ လိုက်ပါလာကြရာ ကမ်းပေါ်မှ ပရိသတ် အပြည့် လာရောက်ကြည့်ရှု့ခဲ့ကြသည်။

ယခုနှစ် ရာမူး (ပန်းဝါ) ၀ါကျွတ်ပွဲတော်တွင် တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်စေရန်အတွက် စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကိုလည်း အထူး တင်းကျပ်ထားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: