Monday, October 21, 2013

မြန်မာနိုင်ငံအနှံ့ လယ်ယာမြေ ပြဿနာများ ဖြစ်ပွားလျက်ရှိပြီး တောင်သူများအပြင် လယ်သမားအရေး ဆောင်ရွက်နေသူ များကိုပါ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင် မှုများရှိနေ

http://first-11.com/images/2013/October/Mg_Toe/10.18.11.jpg
အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သော လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် သုံးခွမြို့နယ်မှ လယ်သိမ်းခံရသူ တစ်ဦးက ရှင်းလင်းနေစဉ်
မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် လယ်သိမ်းယူမှုများ၊ လယ်ယာမြေ ပြဿနာများ ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်လျက်ရှိပြီး တောင်သူ လယ်သမားများအပြင် လယ်သမားအရေး ဆောင်ရွက်နေသူ များကိုပါ ပုဒ်မအမျိုးမျိုး တပ်ကာ ဖမ်းဆီးချုပ်နှောင်မှုများ များစွာရှိနေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
''ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ လယ်ယာမြေပြဿနာက ဒေသအတော် များများမှာ ဖြစ်ပွားနေတာပါ။ လယ်ယာမြေ ပြဿနာ ဖြစ်ပွားနေတဲ့ ဒေသက တောင်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှု တွေအပြင် တောင်သူအရေး ဆောင်ရွက်ပေးနေတဲ့ သူတွေကိုပါ အာမခံ ပေးလို့မရအောင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ များစွာရှိနေပါတယ်'' ဟု လယ်ယာမြေ ပြဿနာများကြောင့် ကိုယ်တိုင်တရားစွဲဆို ခံထားရသူ သာစည်မြို့နယ်မှ တောင်သူ ဦးခင်မောင်တင့်က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားသည်။
တောင်သူ လယ်သမားများဘက်မှ ၎င်းတို့အပေါ် မတရားပြုကျင့် ခံရမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များကို အစိုးရ တာဝန်ရှိသူ အဆင့်ဆင့်ထံသို့ အကြိမ်ကြိမ်တိုင်ကြား ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိအချိန်ထိ လယ်သမားရေးရာ ပြဿနာများမှာ လက်တွေ့ဖြေရှင်း ပေးနိုင်ခြင်း မရှိရုံသာမက လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက်သူများကိုပါ ဖမ်းဆီးချုပ်နှောင်ခံရ၊ တရားစွဲဆို ခံရမှုများသာ တစ်နေ့ထက်တစ်နေ့ တိုးလာကြောင်းလည်း ၈၈ မျိုးဆက် လယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာဌာနမှ သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေ ဆုံးရှုံးခံရသော တောင်သူများသည် CNPC ကုမ္ပဏီကို ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ကိုထွန်းကြည် အပါအ၀င် လယ်သမား ၁၀ ဦးကို တရားရုံးက ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မုံရွာမြို့တွင် ဆန္ဒပြခဲ့သော တောင်သူ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှအား မုံရွာခရိုင် တရားရုံးမှ သြဂုတ် ၂၇ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ ထို့အတူ ဦးအောင်စိုးအား ရွှေဘိုမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်နှင့် ဒေသခံရွာသား နှစ်ဦးအား ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့သည်။
8.1.1
လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် တောင်သူလယ်သမားဌာနမှ ကိုထွန်းမြင့်အောင် ရှင်းလင်း ပြောကြားနေစဉ်
ရှမ်းပြည်နယ် အရှေ့ပိုင်း နောင်ချိုမြို့နယ် ရေ၀င်ကျေးရွာမှ လယ်သမား ဦးကျော်ညွန့်၊ ကံကော်ကျေးရွာမှ ဦးညိုအေး၊ ဦးဖိုးချော၊ ငါးပင်ရွာမှ ဦးသောင်းထွန်းတို့အား ထွန်တုံးတိုက်ပွဲ ဆင်နွှဲသောကြောင့် ကုမ္ပဏီပိုင် သီးနှံကို ဖျက်ဆီးသည်ဟု စွပ်စွဲပြီး ၂၀၁၃ ခုနှစ် ဇွန်တွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် ခနွဲခဖိုအုပ်စု ကျေးရွာများရှိ လယ်မြေများအား ဖိုးလမင်း ကုမ္ပဏီမှ သိမ်းယူထားသောကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမား ခုနစ်ဦးအား ပုဒ်မ-၄၂၇၊ ၄၄၇ ဖြင့် တရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်လ ချမှတ်ခဲ့ကြောင်း၊ ကျန်လယ်သမား ၁၃ ဦးကိုလည်း တရားစွဲဆို ထားကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ၀ါးနက်ကုန်း ကျေးရွာမှ လယ်သမား ဒေါ်သန်းသန်းမြင့်အား တပ်မ-၁၁ လက် အောက်ခံအမှတ်-၂၁၆ တပ်ရင်းမှ တရားလို ပြုလုပ်၍ ပုဒ်မ-၄၂၇၊ ၄၄၇ ဖြင့် တရားစွဲဆိုထားသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် အင်တိုင်းသာ ကျေးရွာနှင့် သန်းတော ကျေးရွာများတွင် လယ်ယာမြေ မတရား သိမ်းခံရသောကြောင့် ထွန်တုံးတိုက်ပွဲ ၀င်သဖြင့် သာစည်ထောင်တွင် လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်သန္တာအောင်၊ ဦးမင်းဆွေနှင့် တောင်သူတစ်ဦးတို့အား ပုဒ်မ-၆(၁)၊ ၅၀၅(ခ)တို့ဖြင့် ဖမ်းဆီးခံထားရကြောင်း သိရသည်။
''ကျွန်မတို့ ယာမြေတွေကို ရဲတပ်ဖွဲ့က ၁၉၉၆-၉၇ က သိမ်းယူခဲ့တယ်။ သိမ်းပြီး နှစ်ရှည်ပင်တွေ စိုက်ခဲ့တယ်။ ကျွန်မအပါအ၀င် တောင်သူငါးဦးရဲ့ စုစုပေါင်း ဧက ၅၀ ခန့်ကို သိမ်းယူခဲ့တာပါ။ ကျွန်မတို့ လယ်တွေ သိမ်းယူခံရတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဆီကို ဒီ ၂၀၁၃ နှစ်ဆန်းပိုင်း ကတည်းက တိုင်ကြားစာ ပေးပို့ထားပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်အထိ ဘာမှ ထူးခြားမှု မရှိသေးပါဘူး'' ဟု ပန်းတောင်းမြို့နယ်မှ လယ်မြေ အသိမ်းခံထားရသူ မသဇင်ခိုင်က အောက်တိုဘာ ၁၈ ရက်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: