Monday, October 21, 2013

ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ အကုန်လုံး လွှတ်ပေးမည်ဟု သမ္မတက ပြောကြားထားသော်လည်း ထပ်မံဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသား ရှိနေသည်ဟု AAPP ထုတ်ပြန်

J-20-10
ရန်ကုန်မြို့ အင်းစိန်ထောင် အပေါက်ဝအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်
ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးမကျန် ပြန်လွှတ်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသော်လည်း အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားဦးရေ မြင့်တက်နေဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ စက်တင်ဘာလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး စက်တင်ဘာလအတွင်း ၃၃ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကာ ၂၃၂ ယောက်မှာ တရားရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
အစီရင်ခံစာတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၃၃ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ပြီး လယ်သမား ခြောက်ဦးအား ပုဒ်မ ၄၄၇ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့ကာ မျိုးမြင့်အောင် (ခ) အရှည်ကြီးအား မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ဖောက်ခွဲဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ ပုဒ်မ ၁၈ ဖြင့် တောင်ကုတ်မြို့နယ်မှ ကိုစိုးဝင်း၊ ကိုသံလုံး၊ ကိုသံလွင်တို့အား ထောင်ဒဏ်သုံးလ၊ ထို့အပြင် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအား ဆန့်ကျင်ဆန္ဒ ပြခဲ့သည့် မဒေးကျွန်းမှ ၁၀ ဦးအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ၊ ထို့နောက် ရခိုင်ပြည်နယ်မှ ဒေါ်မလှမေ၊ ဦးမောင်ဝင်း၊ ဒေါ်တင်တင်အေး၊ ဦးမောင်သိန်းလှတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ အစရှိသူတို့သည် စက်တင်ဘာအတွင်း ထောင်ဒဏ်ချခံ ခဲ့ရသူများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်၊ မလွတ်ဆိုတာက သမ္မတရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ ထောင်ထဲမှာ အရင်ကျန်နေတဲ့ လူတွေကိုရော နောက်မှအသစ် ထပ်ရောက်လာတဲ့ လူတွေကိုရော သူလွှတ်ပေးချင်တဲ့ ဆန္ဒရှိရင် သူလွှတ်ပေးလိုက်မှာပဲ။ ဒီပုံစံအတိုင်း ဆိုရင်တော့ ထောင်ထဲမှာ နောက်နှစ်ဆန်းရင်လည်း နိုင်ငံရေး အကျဉ်းသားက ကုန်မှာမဟုတ်ဘူး၊ ထပ်ရောက်နေဦးမှာပဲ။ ကျွန်တော်တို့ကတော့ . . . . .
ထို့နောက် ၂၀၁၃ ခုနှစ်အတွင်း လွတ်မြောက်လာခဲ့ပြီး အင်းစိန်ထောင်တွင် ၂၃ နှစ် နေခဲ့ရသူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားများအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းနှိပ်စက်ညှဉ်းပန်း မှုများကြောင့် ထိခိုက်ခံစား ရမှုများလည်း ရှိနေသည်ဟု ဖော်ပြထားသည်။ ထို့အပြင် ဒေါ်နော်အုန်းလှ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအား မိသားစုများနှင့် အလှမ်းဝေးသည့် နေရာရှိ အကျဉ်းထောင်များသို့ ပို့ဆောင် ထားကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် လူတစ်ဦးအား ပုဒ်မ ၁၈ ဖြင့် နေရာ ၁၉ နေရာတွင် တရားစွဲဆို ခံခဲ့ရခြင်းများလည်းရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ၏ စာရင်းများအရ အကျဉ်းထောင်များအတွင်း ၁၂၅ ဦး ကျန်ရှိနေပြီး ၂၁ ဦးအား ပြန်လည်စိစစ် နေသည်ဟုလည်း သိရသည်။
AAPP အဖွဲ့၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က "ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ)တို့ မလွှတ်တာနဲ့ ပတ်သက်ရင် အစိုးရနဲ့ ပိုပြီးတော့ သက်ဆိုင်ပါတယ်" ဟု ပြောကြားသည်။
အစီရင်ခံစာ၏ အနှစ်ချုပ် အနေနှင့် မြန်မာနိုင်ငံတွင် အစိုးရက ဒီမိုကရက်တစ် ပြောင်းလဲမှုများကို ပြုလုပ်နေသော်လည်း အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ရှိနေကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်နေသည်ဟု ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေမှုများလည်း ရှိနေကြောင်း၊ AAPP အနေနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား ဆက်လက်ထောက်ပံ့ နေမှာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က "ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်၊ မလွတ်ဆိုတာက သမ္မတရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ ထောင်ထဲမှာ အရင်ကျန်နေတဲ့ လူတွေကိုရော နောက်မှအသစ် ထပ်ရောက်လာတဲ့ လူတွေကိုရော သူလွှတ်ပေးချင်တဲ့ ဆန္ဒရှိရင် သူလွှတ်ပေးလိုက်မှာပဲ။ ဒီပုံစံအတိုင်း ဆိုရင်တော့ ထောင်ထဲမှာ နောက်နှစ်ဆန်းရင်လည်း နိုင်ငံရေး အကျဉ်းသားက ကုန်မှာမဟုတ်ဘူး၊ ထပ်ရောက်နေဦးမှာပဲ။ ကျွန်တော်တို့ကတော့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကျန်နေရင်လည်း ကျန်နေတဲ့အကြောင်း ပြောမှာပဲ။ အခုအချိန်အထိ ကော်မတီမှာ ပုဒ်မ ၁၈၊ ၅၀၅(ခ)နဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမယ်၊ မစဉ်းစားဘူး ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ အဖြေမသိရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ ကော်မတီ အနေနဲ့ အခုအချိန်အထိ ထည့်သွင်းစဉ်းစားခြင်း မရှိသေး တာကတော့ သေချာတယ်" ဟု ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: