Monday, October 21, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင် နေမှုများအား သမ္မတဦးသိန်းစိန် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်

T-21-10
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်နေမှုများအား သမ္မတဦးသိန်းစိန်မှ ကြည့်ရှုစစ်ဆေးနေစဉ်
 အောက်တိုဘာ ၂၀ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်နေမှုများအား သမ္မတဦးသိန်းစိန်မှ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏသိဒ္ဓိ အားကစားဇုန်အတွင်း ဖူဆယ်၊ လက်ဝှေ့၊ မွေ၊ ဘိလိယက်၊ စနူကာ၊ ပြေးခုန်ပစ်၊ မြှားပစ်ကွင်း၊ ရေကူးကန်၊ မြင်းစီးကွင်းနှင့် အားကစားရုံများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီမှ ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်ပြီး အမျိုးစား ကဏ္ဍအလိုက် ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရသည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး ကော်မတီ (၁၄) ခုဖြင့် တာဝန်ပေးအပ်ထားကြောင်း၊ ပြိုင်ပွဲကို အားကစားနည်း (၃၃) မျိုးဖြင့် နေပြည်တော်တွင် အခြေခံပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့ (ငွေဆောင်ကမ်းခြေ) တို့တွင် လေးနေရာခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် အားကစားနည်း ၂၈ မျိုး၊ ကျင်းပမည့်နေရာ ၂၁ နေရာ၊ ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစားနည်း ခုနစ်မျိုး ခြောက်နေရာ၊ မန္တလေးမြို့တွင် ကျင်းပမည့် အားကစားနည်းတစ်မျိုး တစ်နေရာ၊ ငွေဆောင်မြို့တွင် ကျင်းပမည့် အားကစားနည်းတစ်မျိုး တစ်နေရာ သတ်မှတ်ထားကြောင်းနှင့် အစရှိသည်များကို နိုင်ငံတော်သမ္မတအား ရှင်းလင်းပြောကြားသည်။
ပြိုင်ပွဲကျင်းပရေး ကော်မတီ ၁၄ ခုအပြင် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အားကစား ၀န်ကြီးဌာနနှင့် တရုတ်အားကစား အထွေထွေဗျူရိုတို့ အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး စုစုပေါင်း ယွမ်ငွေ ၂၁၁ ဒသမ ၄၃ သန်း တန်ဖိုးရှိ သဘောတူစာချုပ် လက်မှတ်များ ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ အားကစားဝန်ကြီး ဌာနနှင့် ညှိနှိုင်းမှုတန်ဘိုး ယွမ်ငွေ ၁၀၉ ဒသမ ၄၃ သန်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ညှိနှိုင်းမှုတန်ဖိုး ယွမ်ငွေ ၁၀၂ သန်း အကူအညီများ ရရှိထားပြီးဖြစ်ကြောင်း အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: