Monday, October 21, 2013

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

U-21-10
KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
"အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
"ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်" ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။
ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။
"သူတို့ရဲ့ နောက်ကွယ်က  ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။
"ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။   
"ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။
အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: