Wednesday, October 9, 2013

သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်

Photo: သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်

ရန်ကုန်၊ အောက်တိုဘာ ၇

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက အောက်တိုဘာလ ၈ ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ် ဘာသာဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များကို ငြိမ်းချမ်းရေးတရား ဟောမည် ဖြစ်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။

ဆရာတော် အရှင်ဉာဏိဿရသည် သံတွဲမြို့သို့ အောက်တိုဘာလ ၇ ရက်နေ့တွင် ရောက်ရှိပြီး မွန်းလွဲ ၃ နာရီခန့်တွင် သံတွဲမြို့ခံများကို ငြိမ်းချမ်းရေးတရား ဟောပြောခဲ့ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ နေထိုင်ရန် မိန့်ကြားခဲ့ကြောင်း ဆရာတော် အရှင်ကောသလ္လက ပြန်လည် မိန့်ကြားသည်။

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကျေးရွာ များကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဆရာတော် အရှင်ဉာဏိဿရ ကြွရောက်မည် ဖြစ်ပြီး ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တို့တွင် လိုအပ်ချက်များကို ထောက်ပံ့ ကူညီရန် သွားရောက်မည် ဖြစ်ကြောင်း  ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။
“ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့လာတာ မဟုတ်ဘူးလို့ ဆရာတော်က မိန့်တယ်” ဟု ၎င်းကပြန်လည် မိန့်ကြားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သဗြုချိုင် အပါအဝင် ကျေးရွာများ၌ သာသနာ့အလံ ကြိုတင်လွှင့်ထူထားသည့် နေအိမ်များမှာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါ သာသနာ့အလံ ကိစ္စသည် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့တွင် ဗီနိုင်းများ၊ သာသနာ့ အလံများကို လမ်းများ၊ အိမ်များတွင် လွှင့်ထူမှုရှိခဲ့ပြီး အလံများကို အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကွဲပြားစေရန် အသုံးပြုခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာနက ယင်းထုတ်ပြန်ချက်ကို ကန့်ကွက်ထားသည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုကာ အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်တင့် က ပြောကြားသည်။

ပဋိပက္ခတွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သံတွဲမြို့နယ် ဥက္ကဋ္ဌ အပါအဝင် ဒေသခံအချို့ကို အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသည့် အကြောင်းအရင်း များကို စုံစမ်းရန်နှင့် ပဋိပက္ခ ဖြစ်ပွားသည့် နေရာများကို သွားရောက်ကာ အချက်အလက် စုဆောင်းရန် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် ပါတီဝင် အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် အောက်တိုဘာလ ၇ ရက်နေ့တွင် သံတွဲမြို့သို့ ရောက်ရှိနေကြောင်း RNDP ပါတီထံမှ သိရှိရသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူငါးဦး သေဆုံးကာ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူပေါင်း ၅၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

(Source: The Voice Weekly)

No comments: