Friday, October 4, 2013

သံတွဲပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (သံတွဲ) ဥက္ကဋ္ဌအပါအ၀င် ရခိုင်တိုင်းရင်းသား ၁၁ ဦးကို ဖမ်းဆီးထား

8.1.1
သံတွဲမြို့နယ် ပေါက်တောဝရွာ၌ ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်း သံတွဲမြို့၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဦးစောလှိုင်(ခ) ဦးမောင်ပုနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် ခြောက်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက် ညပိုင်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၃ ရက်တွင် ပဋိပက္ခဖြစ်စဉ် အတွင်းပါဝင်သည်ဟု ယူဆရသူငါးဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ခြောက်ဦးကို အောက်တိုဘာ ၂ ရက် ည ၁၁ နာရီခန့်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရကြောင်း RNDP ဘက်က ဆိုသည်။
ဖမ်းဆီးသွားရာတွင် ရဲနှစ်ဦးက လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် ၀ရမ်းမပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၄ နာရီသာ စစ်ဆေးခွင့် ရှိရမည်ဖြစ်ပြီး ၂၄ နာရီ ပြည့်သည်အထိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
8.1.1
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများရှိ ဒေသခံများအား တွေ့ဆုံစဉ်
''အောက်တိုဘာ ၂ ရက် ည ၁၁ နာရီ လောက်က ခေါ်သွားတယ် ပြောတယ်။ ဦးမောင်ပု အပါအ၀င် တခြားလူမှုအဖွဲ့အစည်းက အားလုံး ခြောက်ဦးပါ။ အဲဒါ ကျွန်တော်တို့ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒါ ၂၄ နာရီ အတွင်းမှာတော့ ရဲအနေနဲ့ ခေါ်ယူမေးမြန်းခြင်း ပြုနိုင်ပါတယ်။ ရဲတွေအနေနဲ့ စုံစမ်းနိုင်တယ်။ သို့သော် ၂၄ နာရီအတွင်းမှာ ဒီကိစ္စကို ရှင်းရမယ်။ နိုင်ငံသားတစ်ဦးကို ၀ရမ်းပါမှပဲ ခေါ်ယူမေးမြန်း စစ်ဆေးတဲ့ စနစ်ကို သွားချင်တယ်။ သံသယရှိလို့ဆိုပြီး အကြောင်းအရာ တစ်ခုကို ထိုးချချင်လို့ ဟိုလူ့ခေါ်မေး၊ ဒီလူ့ ခေါ်မေး မလုပ်အပ်တဲ့ အခြေအနေကို ရောက်နေပါပြီ''ဟု ဒေါက်တာအေးမောင်က ဆိုသည်။

မနေ့က ညဘက်မှာ မြို့ပေါ်ကခြောက်ယောက် အဖမ်းခံရတယ်။ ဒီနေ့မှာ သပြုချိုင်ဘက်က ငါးဦး ထပ်ဖမ်းတယ်။ ဖြစ်စဉ်အတွင်း ဖမ်းခံထားတဲ့သူ ခုနစ်ယောက်ကို အာမခံနဲ့ လွှတ်လိုက်တယ်။ ကျန်လူတွေကို အခုရုံး ထုတ်ဖို့ပြင်နေတယ်။ ဘယ်ပုဒ်မနဲ့ စွဲတယ်ဆိုတာ မသိရသေးဘူး...


သံတွဲတွင် ပဋိပက္ခများ စတင်ဖြစ်ပွားခြင်းမှာ စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်ဦးမောင်ပုမှာ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ တက်ရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်ကမှ ပြန်သွားခြင်း ဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် ဖမ်းဆီးသွားသည် ဆိုသည်ကို မူ မသိရသေးကြောင်း RNDP အထွေထွေအ တွင်းရေးမှူး ဦးဦးလှစောက ပြောကြားသည်။
8.1.1
သံတွဲဆေးရုံတွင် ဆေးကုသမှုခံယူနေသူများကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်
လက်ရှိတွင် ပဋိပက္ခ ဖြစ်စဉ်အတွင်း အဖမ်းခံရသူ ခုနစ်ဦးကို အာမခံ ပေးလိုက်ကြောင်း၊ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တွင် စုစုပေါင်း ဖမ်းဆီးခံရသူ ၁၁ ဦးရှိကြောင်း သိရသည်။ ဖမ်းဆီးထားများကို ရုံးထုတ်ရန် ပြင်ဆင်နေကြောင်း ဒေခံတစ်ဦးက ဆိုသည်။
''မနေ့က ညဘက်မှာ မြို့ပေါ်ကခြောက်ယောက် အဖမ်းခံရတယ်။ ဒီနေ့မှာ သပြုချိုင်ဘက်က ငါးဦး ထပ်ဖမ်းတယ်။ ဖြစ်စဉ်အတွင်း ဖမ်းခံထားတဲ့သူ ခုနစ်ယောက်ကို အာမခံနဲ့ လွှတ်လိုက်တယ်။ ကျန်လူတွေကို အခုရုံး ထုတ်ဖို့ပြင်နေတယ်။ ဘယ်ပုဒ်မနဲ့ စွဲတယ်ဆိုတာ မသိရသေးဘူး'' ဟု သံတွဲဒေသခံ ကိုမြင့်မိုးက ပြောကြားသည်။
အောက်တိုဘာ ၃ ရက်က အဖမ်းခံရသူ ငါးဦးမှာ ခင်မောင်သန်း၊ ဖိုးလပြည့်၊ အောင်မင်းသန်း၊ အောင်တင်ဝင်း၊ ကံကြီးအောင်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဘက်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: