Tuesday, October 15, 2013

ရှားပါး ဓါတ်သတ္တုတွေ ပြည်ပကို တူးဖေါ် တင်ပို့တဲ့ အတွက် ရခိုင်ဒေသ အကျိုးရှိနိုင်မလား

Burma-New-Road-to-Bangladesh-Borderရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်က ပင်လယ်ကမ်းခြေမှာ ရှိတဲ့ သဲတွေကနေ အဖိုးတန် ရှားပါး တစ်တမ်နီယမ်နဲ့ ယူရေနီယမ် ဓါတ်သတ္တုတွေကို များမကြာမီ ရှာဖွေ တူးဖေါ်တော့မယ်လို့ သိရပါတယ်။

အခု တူးဖေါ်ခွင့် ရရှိသွားတဲ့ ကုမ္ပဏီကတော့ ပြည်တွင်း အခြေစိုက် Gold Finder သတ္တုရှာဖွေရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ပြည်တွင်း အခြေစိုက်တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောပေမယ့် တရုတ်ပိုင် ကုမ္ပဏီလို့ သိရပါတယ်။

အဲဒီ Gold Finder ကုမ္ပဏီနဲ့ လူဇင်ဘတ်နိုင်ငံက ကုမ္ပဏီ တစ်ခုတို့ဟာ ဓါတ်သတ္တု တူးဖေါ်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရ ဆီက များမကြာမီက သဘောထားတွေ လာရောက် တောင်းခံသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် သတ္တုဝန်ကြီး ဦးအောင်သန်းတင်က အတည်ပြု ပြောကြားပါတယ်။

“ ကျွန်တော်တို့ဆီကို များမကြာမီက သဘောထားကို လာရောက်တောင်းခံတဲ့ အတွက် သဘောထား ပေးလိုက်ပါတယ်။ ခွင့်ပြုချက် ပေးလိုက်တာတော့ မဟုတ်ပါဘူး။ သူတို့က ပြည်ထောင်စု အစိုးကို တင်ပြပြိး ခွင့်ပြုချက် ယူရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် ရခိုင်ပြည်နယ် အစိုးရနဲ့ ဆက်လက် ညှိနိုင်း ဆောင်ရွက်မူ တွေတော့ လုပ်သွားရမှာပါ” လို့ ၀န်ကြီးက ဆိုပါတယ်။

Gold finder နဲ့ လူဇင်ဘတ် နိုင်ငံ အခြေစိုက် Boulle Mining Group တို့က ပြည်နယ် အစိုးရရဲ့ သဘောထားကို လာတောင်းခံတဲ့ အတွက် ကန့်ကွက်စရာ မရှိကြောင်း၊ သဘောတူကြောင်း သဘောထားပေးလိုက်တယ်လို့ ၀န်ကြီးက ထပ်လောင်း ပြောဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာတော့ ပြည်ထောင်စု ၀န်ကြီးဌာနက ချပေးတဲ့အချက် သုံးချက်ရှိကြောင်း၊ ပြည်နယ်အစိုးရမှ အချက်သုံးချက်ကို ကန့်ကွက်ရန် မရှိကြောင်း၊ သဘောတူကြောင်း တုန့်ပြန်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

အဲဒီ အချက် (၃)ချက်ကတော့ (၁)စီမံကိန်းရှိ-မရှိ၊ (၂) စိုက်ပျိုးရေး မြေလွတ်ကင်းမှုရှိ-မရှိ၊ (၃) လုံခြုံရေးရရှိမှုရှိ-မရှိ ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် သတင်းစာက စီမံကိန်း လုပ်ငန်းတွေက မကြာခင် စတင်တော့မယ်လို့ ဖေါ်ပြပါတယ်။

ဓါတ်သတ္တုကြမ်းတွေကို ထုတ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပေမယ့် ဒေသခံ လူထုကိုတော့ အခုအချိန်ထိ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်ကရော ကုမ္ပဏီဘက်ကပါ တစ်စုံတစ်ရာ အကြောင်းကြား အသိ ပေးတာမျိုး မရှိသေးဘူလို့ စီမံကိန်း အဓိက လုပ်မယ့် ရသေ့တောင်မြို့နယ် မယူကမ်း ပေါက်တောပြင် ရွာသား ဦးအောင်သန်းတင် က ဆိုပါတယ်။

“ အခု အချိန်ထိတော့ အစိုးရတာဝန်ရှိသူတွေ ဘက်ကရော၊ ကုမ္ပဏီ တာဝန်ရှိသူတွေကပါ ဒေသခံ လူထု အတွင်း ဘာမှ ရှင်းလင်း အသိပေးတာ မရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဘာမှ မသိရသေးပါ” လို့ သူက ဆိုပါတယ်။

ဒေသခံတွေဘက်ကတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကုမ္ပဏီတွေက လုပ်ပေးမယ်ဆိုရင်၊ ရေ၊ လျှပ်စစ်မီး အပါအ၀င် လမ်းပမ်း ဆက်သွယ်ရေးတွေနဲ့ အလုပ်အကိုင် အခွင့်အလန်းတွေ ရနိုင်မယ်ဆိုရင် ကန့်ကွက် မယ့်သူ ရှိမှာ မဟုတ်ဘူးလို့ ကိုအောင်သန်းတင်က ဆိုပါတယ်။

ရခိုင်ပြည်နယ် သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းကတော့ ဒေသအတွက်လည်း အကျိုးရှိမှာ ဖြစ်သလို ပြည်ထောင်စု အစိုးရအနေနဲ့လည်း ပြည်နယ် အစိုးရကို အကျိုးအမြတ်တွေကို ခွဲဝေပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ပြည်ထောင်စု အစိုးရက နိုင်ငံခြား ကုမ္ပဏီတွေကို ရင်းနှီး မြုပ်နှံမူ ပြုလုပ်ခွင့် ပေးလိုက်ပေမယ့် ရရှိလာတဲ့ အကျိုးအမြတ်ကနေ ဘယ်နှစ်ရာခိုင်နုန်းကို ရခိုင်ပြည်နယ် အစိုးရကို ခွဲဝေပေးမယ် ဆိုတာကိုတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း ပြောဆိုတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

ပီးရင် ၀န်ကြီးက ဒီသဲတွေကို ဒီအတိုင်းထားရင် ပင်လယ်ထဲ မျောပါ ဆုံးရှုံးသွားနိုင်ပြီး တူးဖေါ်ရောင်းချပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းကတော့ စီမံကိန်းကြောင့် ဒေသအတွက် ဆိုးကျိုးတွေရှိနိုင်သလို ကောင်းကျိုးတွေလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။

“ ဆိုးကျိုးတွေ ဖြစ်လာမှာဆိုတာက သဲက သတ္တုတွေကို ယူလိုက်တဲ့အခါ သဲတွေ လျော့ဆင်းသွားရင် ဒီနေရာတွေမှာ ကမ်းပါးပြိုတာတို့၊ ရေတိုက်စားတဲ့ သဲတွေ ဆုံးရှုံးသွားတာတို့၊ ရေနေသတ္တ၀ါတွေ ရွှေ့ပြောင်း ကျက်စား သွားတာတို့၊ ဒီလို ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။”

“ ကောင်းကျိုးတွေ အနေနဲ့ကတော့ တကယ်လို့သာ ဒီလို အဖိုးတန် ရှားပါး ဓါတ်သတ္တုတွေကိုရမယ် ဆိုရင် ဒေသခံတွေ အတွက် စက်ရုံအလုပ်ရုံတွေ ဆောက်ပေးမယ်။ ဒေသ ကောင်းကျိုး အတွက် ဆောင်ရွက်မယ် ဆိုရင် ဒေသအတွက်တော့ ကောင်းကျိုးတွေ ရှိလာနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်” လို့ ၎င်း လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

သတင်းစာထဲမှာတော့ သတ္တုသန့်စင်ရာမှာ လျှပ်စစ်ဓာတ်အား ပမာဏ အများအပြား သုံးစွဲရမှာ ဖြစ်တဲ့ အတွက် ရန်ကုန်နဲ့ ကျောက်ဖြူတို့မှာ စက်ရုံတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းကို ကြေးမုံ သတင်းစာမှာ ဖေါ်ပြရာမှာ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ အငူမော်ကမ်းခြေနဲ့ အလယ်သံကျော် ကမ်းခြေတစ်လျှောက်က သတ္တုကြမ်းများကို ရှာဖွေ တူးဖေါ်ပြီး ပြည်ပကို တင်ပို့မယ်လို့ ဆိုပါတယ်။

ပြည်တွင်းအခြေစိုက် သတ္တုရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gold Finder ကုမ္ပဏီက တရားဝင် တူးဖော်ခွင့် ခွင့်ပြုချက် ရရှိပြီးဖြစ်တဲ့ အတွက် သတ္တု တူးဖော်ရေး လုပ်ငန်းတွေကို မကြာမီစတင်တော့မှာ ဖြစ်ကြောင်း Gold Finder ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမောင်မောင်ကို ကိုးကားပြီး သတင်းစာ ဖေါ်ပြပါတယ်။

ရသေ့တောင် မြို့နယ် အငူမော်ကမ်းခြေနဲ့ မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေမှာရှိတဲ့ ၄၉ ဧကစီပါတဲ့ လုပ်ကွက်ပေါင်း ၁၀ ကွက် စုစုပေါင်း ဧက ၄၉၀ ခန့်မှ စမ်းသပ်တူးဖော်လုပ်ကိုင်မယ့် အဆင့်အနေနဲ့ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ တူးဖော်လုပ်ကိုင်ရာမှာ လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ပညာရှင်တွေကို ပြည်ပကနေ ခေါ်ယူ လုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းခွင် အလုပ်သမားတွေကိုတော့ ဒေသခံတွေကို ဦးစားပေး ခန့်အပ်သွားမှာ ဖြစ်ကြောင်း၊ ဒါ့ပြင် သတ္တုသန့်စင်ရာမှာ လျှပ်စစ်ဓာတ်အား ပမာဏအများအပြား သုံးစွဲရန်လိုအပ်တဲ့ အတွက် ရန်ကုန်နဲ့ ကျောက်ဖြူတို့မှာ စက်ရုံတည်ဆောက်သွားမှာကို လောလောဆယ် စဉ်းစားထားကြောင်း၊ ထွက်ရှိလာတဲ့ ကုန်ကြမ်းတွေကို ပြည်ပသို့ အဓိကထား တင်ပို့မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: