Wednesday, October 2, 2013

ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းနှစ်ခုမှ ၀င်ငွေများသည် မြန်မာနိုင်ငံအား ဖွံ့ဖြိုးသည့်နိုင်ငံအဖြစ် တွန်းပို့နိုင်ဟုဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မဒေးကျွန်းမှတရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓါတ်ငွေ့တင်ပို့မည့် ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းများမှ နှစ်စဉ်ဝင်ငွေသည် မြန်မာနိုင်ငံအားစီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးလူနေမှုအဆင့်အတန်းမြင့်သည့်တိုင်းပြည်အခြေအနေသို့ ပြောင်းလဲနိုင်မည်ဟု ရွှေသဘာဝဓာတ်ငွေ့လှုပ် ရှားမှုအဖွဲ့၏ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။

သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့စတင်ပို့နေပြီဖြစ်ပြီး ရေနံပိုက်လိုင်းမှာလည်း စတင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။တစ်နှစ်လျှင်သဘာဝဓါတ်ငွေ့ကုဗမီတာ၁၂ဘီလျံနှင့်ခန့်မှန်းခြေ ရေနံစိမ်း တန်ချိန် ၂၂ သန်းတို့ ကို တရုတ်နိုင်ငံသို့ ပို့ဆောင်သွားမည်ဟု တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း CNPC (China National Petroleum Corporation) က ထုတ်ပြန်ထားသည်။

ပိုက်လိုင်းတစ်ခုစီမှ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ၀င်မည်ဖြစ်ပြီး၊ စီမံကိန်းမှ မြန်မာအစိုးရအတွက် နှစ်စဉ် ၀င်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံခန့်၊ လုပ်ငန်းလည်ပတ်မှု နှစ် ၃၀ ကာလအတွက်စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၄ ဘီလျံ ရရှိနိုင်မည်ဖြစ်ပြီး ရေနံစိမ်းမှလည်း တန်ဖိုးဖြည့်စွက် အခွန်ငွေ ၁၆ ရာခိုင်နှုန်းကိုလည်း ရရှိမည် ဟု ရွှေသဘာဝ ဓာတ်ငွေ့ အဖွဲ့က ခန့်မှန်းထားသည်။ သဘာဝဓာတ်ငွေ့စီမံ ကိန်း နှစ် ၃၀ စီမံကိန်းအတွက်မြန်မာအစိုးရမှ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိပြီးဖြစ်သည်။

ထိုသို့ ပိုက်လိုင်းများမှ အကျိုးအမြတ်များစွာ ရရန် ခန့်မှန်း တွက်ချက်မှုများ ရှိနေသော်လည်း ထိုပိုက်လိုင်း ဖြတ်သန်း သွား သည့် ဒေသ တစ်လျှောက်ရှိ ဒေသခံများအနေဖြင့် ထိုပိုက်လိုင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းစွာ မသိရှိရသဖြင့် ပဋိပက္ခဖြစ်ဖွယ် အခြေအနေများရှိနေသည်ဟု ရွှေ သဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

“အခုချိန်က သယံဇာတထုတ်လုပ်မှုကဏ္ဍအတွက် အရေးကြီးဆုံးအချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အနေနဲ့ နောက်ပိုင်း မှာ မြန်မာနိုင်ငံအတွက် ပေါ်ပေါက်လာမယ့် ရင်းနှီးမြှပ်နှံသူတွေအတွက်စိတ်ညစ်စရာတွေ မဖြစ်စေလို ပါဘူး၊ အဲ့လိုမဖြစ်ဖို့ မျှတတဲ့ အကျိုးခံစားခွင့်တွေ၊ ညှိနှိုင်းမှုတွေ ရှိသင့်တယ်လို့ မြင်ပါ တယ်”ဟု ဦးဝင်းအောင်ကပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှ ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး လုပ်ငန်းစ တင်သည့်နှစ်မှစကာပိုက်လိုင်းဖြတ်သန်းမည့် ဒေသတစ်လျှောက်တွင် မြေယာသိမ်းမှုများနှင့်အခြားပြဿနာများ ယနေ့အထိ ရှိနေသည်။

ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းကို ရခိုင်ပြည်နယ် မဒေးကျွန်းမှစတင်၍ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်၂၁မြို့အား ဖြတ်သန်းကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ဆက်သွယ် ထားသည်။
(Source: Mizzima Burmese)

No comments: