Wednesday, October 9, 2013

သံတွဲပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းကို RNDP လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာပြီး လွှတ်တော်သို့ တင်ပြမည်

U-7-10
လုံခြုံရေး အဖွဲ့များ စောင့်ကြပ်နေသည့် သံတွဲမြို့ တစ်နေရာကို အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်
စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော်ကိုယ်စားလှယ်များက ကိုယ်တိုင်ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ကာ လွှတ်တော်သို့ တင်ပြသွားမည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
အဆိုပါ ကွင်းဆင်းလေ့လာမှုကို အောက်တိုဘာ ၇ ရက်တွင် စတင်သွားမည် ဖြစ်သည်။ သံတွဲ ပဋိပက္ခများကြောင့် ဖမ်းဆီးခဲ့သူ ၄၄ ဦး ရှိသည်ဟု အစိုးရ သတင်းစာတွင် တွေ့ရှိရကြောင်း၊ ယင်းအထဲတွင် ၎င်းတို့ပါတီဝင် တစ်ဦးအပါအ၀င် ရခိုင်လူမျိုး ၃၆ ဦး ပါဝင်ကြောင်း၊ အဆိုပါ အဖမ်းခံရသူများ၏ မိသားစုများကို သွားရောက်တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
"ကျွန်တော်တို့ ပါတီရုံးချုပ်မှာ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေခေါ်ပြီး လမ်းညွှန်ချက် ပေးမယ်။ ဒေသအခြေအနေကို စုံစမ်းမယ်။ ပြီးရင် အဖမ်းခံထိတဲ့ ပုဂ္ဂိုလ်တွေရဲ့ တစ်အိမ်တက်ဆင်း သွားစုံစမ်းမယ်။ ဘာကြောင့်ဖမ်းသလဲ။ ၀ရမ်းပါသလား။ ဘာပုဒ်မနဲ့ စွပ်စွဲသလဲ။ ဘာတွေလုပ်ခဲ့လဲ။ တကယ်လုပ်ခဲ့လို့ ဒီလိုအရေးယူတာလား။ အုပ်ချုပ်ရေး အာဏာပိုင်တွေဟာ တရားစီရင်ရေးနှင့် ပတ်သက်လို့ လွှမ်းမိုးမှု ရှိသေးသလား။ တရားဥပဒေ စိုးမိုးမှုဟာ တကယ်ရှိသလား။ မရှိဘူးလား။ ဘာကြောင့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရှေ့မှာ ဘာကြောင့် အကြမ်းဖက်မှု ဖြစ်သွားတာလဲ။ သူ့ရဲ့ရက်၊ နာရီအလိုက် တစ်ခုချင်း၊ တစ်ခုချင်း မှတ်တမ်းယူပြီးကာမှ အစိုးရကိုလည်း ထောက်ပြမယ်။ လွှတ်တော်မှာလည်း လိုအပ်ရင် တင်ပြမယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
သမ္မတ ဦးသိန်းစိန် ခရီးစဉ်မှာ လုံခြုံရေးဖြင့် သွားရသည့်အတွက် အောက်ခြေအထိ မသိနိုင်ဘဲ ၎င်းတို့အနေဖြင့်မူ အောက်ခြေအရင်းအမြစ်အထိ ရှာဖွေသွားမည်ဖြစ်ကြောင်း၊ OIC နိုင်ငံခြားရေး ၀န်ကြီးများ လာမည်ဆိုသည့် ကာလ၊ မကြာမီ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနားက အစီရင်ခံစာ တင်မည်ဆိုသည့် ကာလနှင့် ယခုပဋိပက္ခများ မည်သည့်အတွက်ကြောင့် တိုက်ဆိုင်နေသည် ဆိုသည်ကိုလည်း စုံစမ်းသွားမည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: