Friday, November 1, 2013

ဥပဒေမှာ မျက်နှာနှစ်ဖက်ရှိနေလား

မျက်စိကို အ၀တ်စည်း၍ လက်တစ်ဖက်တွင်  ဓားကိုကိုင်ကာ၊ အခြား လက်တစ်ဖက်တွင် ချိန်ခွင်ကို ကိုင်ဆောင်ထားသော နတ်သမီးရုပ်တုသည် တရားဥပဒေ၏ သင်္ကေတ ရုပ်တုတစ်ခု ဖြစ်ပါသည်။
ဥာဏ်ပညာ ကြီးမားမှုနှင့် တရားစီရင်ရေးကို ပိုင်စိုးသည့် ဂရိ နတ်ဘုရားမအေသီနာ (Athena) ကို ကိုယ်စားပြု အဆိုပါ ရုပ်တုသည် တရားဥပဒေမှလွဲ၍ မည်သူ့ကိုမျှ ထောက်ထားညှာတာစရာမရှိ။ တရားမျှတစွာဖြင့် အပြစ်ရှိသူကို အပြစ်ပေးမည် ဟူသော အဓိပ္ပာယ်ကို ညွှန်းဆိုထားခြင်းလည်း ဖြစ်သည်။
သို့သော် တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် တရားဥပဒေ၏သင်္ကေတ ဂရိနတ်ဘုရားမအသီနာ ကိုယ်စားပြု ရုပ်တု၏ ညွှန်းဆို အဓိပ္ပာယ်အတိုင်း မှန်ကန်မျှတပါရဲ့လား ဆိုသည်မှာမူ ဖြေရခက်သည့် ပုစ္ဆာအဖြစ် ရှိနေသည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုနှင့် အရေးယူ ဆောင်ရွက်မှုများက ဥပဒေတွင် မျက်နှာနှစ်ဖက် ရှိနေသလားဟု ဝေဖန်စရာ ဖြစ်နေသည်။ အစိုးရသစ် လက်ထက်တွင် အကြိမ်ကြိမ် ကတိပြု ပြောကြားထားသည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီအောင်၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုကို အာမခံခြင်း၊ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများ အဂတိလိုက်စားမှု ကင်းစင်ရန်၊ အာဏာရာထူး အလွဲသုံးစား မလုပ်ရန်ဟူသော ပြောစကားများမှာလည်း ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
လာဘ်ငွေယူကာ အာဏာအလွဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲမှုများကြောင့် ရခိုင်ပြည်နယ် လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခြင်း ခံနေရသော ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ၎င်း၏ သဘောဆန္ဒအလျောက်ဟုဆိုကာ သမ္မတက တာဝန်မှ နုတ်ထွက် ခွင့်ပြုခဲ့ခြင်းအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။
ယခင်ကလည်း လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်နှင့် ပတ်သက်၍ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို သမ္မတအမိန့်ဖြင့် ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။
ယင်းသို့သော အခြေအနေမျိုးတွင် ၀န်ထမ်းငယ်တစ်ဦး စားဝတ်နေရေး အခက်အခဲကြောင့် ငွေကြေးတောင်းခံလျှင် ပြင်းထန်စွာ အပြစ်ပေးခံရပြီး၊ သိန်းပေါင်း ထောင်သောင်းချီ၍ လာဘ်ငွေယူခြင်း၊ အဂတိလိုက်စားမှု ကျူးလွန်သည့် ထိပ်တန်းအရာရှိများ၏ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်းမရှိသလို ပြတ်ပြတ်သားသား အရေးယူမှုများလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ၀န်ထမ်းများနှင့် ပတ်သက်၍ ယခုအစိုးရ လက်ထက်တွင် အများပြည်သူသို့ ထုတ်ပြန်ခဲ့သော အရေးယူမှုများမှာ အောက်ခြေ၀န်ထမ်းအချို့ ရာထူးမှ ထုတ်ပယ်ခံရသည်မှအပ ဌာနပြောင်းခြင်း၊ ရာထူးမှ နုတ်ထွက်ခွင့် ပြုခြင်းများသာ များပြားခဲ့သည်။ ကျူးလွန်ခဲ့သော ဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေး၍ ဥပဒေအရ အရေးယူခြင်းမျိုး မတွေ့ရပါ။
တရားစီရင်ရေးနှင့် ပတ်သက်၍ ဟာသတစ်ပုဒ်တွင် "ထင်းစိုက်ဖို့ သစ်တစ်ပင်ခုတ်တော့ ထောင်သုံးနှစ်၊ တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရောတဲ့" ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဥပဒေအရ မဟုတ်ဘဲ ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်ခြင်းမရှိပါက ပြည်သူက ယုံကြည်အားထားမှုကို ရရှိရန် ခက်ခဲနေဦးမည်ဖြစ်သည်။ အစိုးရသစ်လက်ထက် အကောင်အထည် မပေါ်လာသော ကတိစကားများနှင့် မပြတ်သားသော အရေးယူ ကိုင်တွယ်မှုများအတွက် အစိုးရအပေါ် ယုံကြည်မှု နည်းပါးသွားနိုင်ပါသည်။
ထို့ကြောင့် မည်သူ့ကိုမဆို အဂတိတရားကင်းစွာဖြင့် တရားဥပဒေအတိုင်း တိကျပြတ်သားစွာ ကိုင်တွယ် ဆောင်ရွက်ခြင်းများဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိအောင် လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: