Friday, November 8, 2013

ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဆူပူမှု ဖြစ်ပွားသောကြောင့် လူစုခွဲခဲ့ရ

ဘင်္ဂလီ ဒုက္ခသည်အများစု နေထိုင်သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ဆင်တက်မော် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီ ခြောက်ဦး ပျောက်ဆုံးသွားခြင်းကြောင့် ယင်းစခန်းမှ ဒုက္ခသည် ၅၀၀ ခန့် စုရုံးကာ ဆူပူသည့် ပုံစံ ဖြစ်ပေါ်လာပြီး လုံခြုံရေး ရဲဝန်ထမ်းများက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု စစ်တွေမြို့နယ် မင်းဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက
နိုဝင်ဘာ ၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောသည်။
နိုဝင်ဘာ ၂ ရက်က ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ခြောက်ဦး ထင်းရှာရန် သွားရာ ပျောက်ဆုံးနေသည်ဆို၍
ဒေသခံ ရဲဝန်ထမ်းများက သွားရောက်ရှာဖွေခဲ့ပြီး ဘင်္ဂလီအမျိုးသား တစ်ဦးမှာ ဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကာ ကျန်ငါးဦးမှာ ပျောက်ဆုံးနေသည်ဟု  ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
“ဒုက္ခသည် စခန်းက လူခြောက်ဦး ပျောက်သွားတယ်လို့ သတင်းတွေ ရတယ်။ ဘင်္ဂလီတစ်ဦးကို တောထဲမှာ သေဆုံးနေတာ
တွေ့တယ်၊ တစ်ဖက်မှာလဲ ပေါက်တောက ဂုံးကောက်တဲ့ အမျိုးသမီးအုပ်စုကို ဘင်္ဂလီသုံးဦးက အကြမ်းဖက်တဲ့အတွက် တစ်ဦးသေဆုံးသွားပြီး သုံးဦး ဒါဏ်ရာရတယ်”ဟု ဦးလှသိန်းက မဇ္ဈိမ ကို ပြောသည်။
ယင်းဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒုက္ခသည်စခန်းမှ ဘင်္ဂလီဒုက္ခသည် ငါးရာခန့် အုပ်စုဖွဲ့လာရာ ဆူပူမှု ပုံစံဖြစ်လာသောကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး ယင်းသို့ လူစုခွဲရာတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် စစ်တပ်မှ တာဝန်ရှိသူများပါ ပါဝင်သည်ဟု မင်းဂံရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဒုက္ခသည်စခန်းသို့ မဇ္ဈိမက ဆက်သွယ်၍ မရခဲ့ပါ။
လက်ရှိတွင် ဒုက္ခသည်စခန်းများကို လုံခြုံရေးတိုးမြှင့်ထားပြီး စစ်တပ်၊ ရဲတပ်ရင်းနှင့်၊ ရဲတပ်ဖွဲ့အင်အားများ တိုးမြှင့်ချထားသည်ဟုလည်း စစ်တွေ မင်းဂံရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ အမှုနှင့် သက်ဆိုင်သူများကို ဖမ်းဆီး နိုင်ရန်ကြိုးပမ်းလျှက်ရှိသည်ဟုလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်းက စတင်၍ လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၁၀၀၀၀၀ ကျော်ရှိရာ ဘင်္ဂလီဒုက္ခသည် ၈၀၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိသည်။ အလားတူ ၂၀၁၃ ခုနှစ်  စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သော သံတွဲ ပဋိပက္ခများကြောင့်လည်း အိုးအိမ်မဲ့ ဒုက္ခသည် ၅၀၀ ကျော် ထပ်မံ ရှိလာသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စာရင်းများအရ  သိရသည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ)

No comments: