Friday, November 8, 2013

မြောက်ဥက္ကလာပမြို့နယ် တိမ်တံခွန် တည်းခိုခန်း၌ အမျိုးသမီးတစ်ဦး အသတ်ခံရ


နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းကThe Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက အတည်ပြု ပြောကြားသည်။
မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက "လက်ရှိကတော့ အလောင်းကို ရင်ခွဲရုံကို ပို့ထားပါတယ်။ သတ်သွားတဲ့သူ ဘယ်သူလဲဆိုတာကို စုံစမ်း ဖော်ထုတ်နေပါတယ်" ဟု နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ပြောကြားသည်။
သေဆုံးသူ အမျိုးသမီးမှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နေသူ အသက် ၂၃ နှစ် အရွယ်ရှိ မမိမိစံ ဆိုသူဖြစ်ပြီး ၎င်းတည်းခိုသည့် အခန်းအတွင်း ခုတင်ဘေးတွင် လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက် ပခုံးထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲမျက်ခုံး ဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူမှာ တစ်ဦးတည်း လာရောက်တည်းခိုခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့ဒီအခန်း ပြတင်းပေါက် ပွင့်နေတာကို အပြင်ကနေ လှမ်းတွေ့လို့ အုတ်တံတိုင်းပေါ်ကနေ တက်ကြည့်တော့ ခုတင်ပေါ်မှာ သွေးတွေ အိုင်နေပြီး တည်းခိုတဲ့ အမျိုးသမီးက ခုတင်ဘေး ကြမ်းပြင်မှာ မှောက်ခုံကြီး လဲနေလို့ ကျွန်တော်လည်း ရဲစခန်းကို အကြောင်းကြားလိုက်တာပါ" ဟု တည်းခိုခန်း မန်နေဂျာဖြစ်သူ ကိုသက်ပိုင်စိုးက ဆက်လက် ပြောကြားသည်။
၎င်းဖြစ်စဉ်ကို မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ(ပ) ၈၈၉/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: