Thursday, November 21, 2013

ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြား ခရီးသည် ၀င်ရောက်မှု ပိုမိုများပြားလာ

8.1.1
မြောက်ဦးသို့ သွားရောက်လေ့လာရန် ၀င်ရောက်လာသည့် နိုင်ငံခြားသား အဖွဲ့တစ်ဖွဲ့အား တွေ့ရစဉ်
ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီး နောက်ပိုင်း မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု ပိုမိုများပြားနေပြီး တည်းခိုရန် ဟိုတယ် အခက်အခဲများပင် ရှိနေကြောင်း သိရသည်။
''ပုဒ်မ ၁၄၄ ရုပ်လိုက်တာနဲ့ ချက်ချင်း နိုင်ငံခြားသားတွေ ၀င်လာကြတာဖြစ်တော့ ဟိုတယ်တွေမှာ အခန်းပြည့်နေလို့ အခန်းငှား မရတာတွေနဲ့ စက်လှေငှားတာမှာလည်း အခက်အခဲတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဟိုတယ်အခန်း အခက်အခဲ ဖြစ်ပါတယ်။ နောက်ပြီး တစ်ချိန်တည်းမှာ ခရီးသည် အ၀င်များလာတဲ့ အခါကျတော့ စက်လှေတို့ ငှားရတာကအစ အခက်အခဲ ဖြစ်ပါတယ်'' ဟု ဧည့်လမ်းညွှန် ကိုစံမြတ်ရွှေက ပြောသည်။
နိုင်ငံခြားသားများအား ကားလမ်းမှတစ်ဆင့် မြောက်ဦးသို့ သွားလာခွင့်အား ခွင့်ပြုပေးထားသည်ဟု ဆိုသော်လည်း လမ်းမကောင်းခြင်း၊ ကုန်ကျစရိတ် မြင့်မားခြင်းတို့ကြောင့် ကားဖြင့် သွားလာသူ နည်းနေပြီး သဘာဝ အလှတရားများအား ခံစားခွင့်ရသည့် ရေလမ်းဖြင့်သာ သွားလာမှု ပိုများနေကြောင်းလည်း သိရသည်။
''ကျွန်တော်တို့ အုပ်စုကတော့ မြောက်ဦးကိုသွားမယ့် အုပ်စုဖြစ်ပါတယ်။ ရခိုင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်ပါတယ်။ မြောက်ဦးဟာ ရှေးဟောင်းမြို့ဖြစ်လို့ စိတ်ဝင်စားစရာတွေ လေ့လာစရာတွေ ရှိနေပါတယ်။ တည်းခိုတာလည်း ကုမ္ပဏီက စီစဉ်ထားတော့ အဆင်ပြေပါတယ်'' ဟု အသက် ၅၀ အရွယ် ပြင်သစ်နိုင်ငံသား တစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှ ၀င်ရောက်လာသည့် နိုင်ငံခြားသား အများစုမှာ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ သွားရန် ၀င်ရောက်ခြင်းဖြစ်ပြီး စစ်တွေမှတစ်ဆင့် ရေလမ်းဖြင့် မြောက်ဦးသို့ သွားကြပြီး မြောက်ဦးမှတစ်ဆင့် နေ့ချင်းပြန် စက်လှေဖြင့် လေးမြို့မြစ်ဖျားရှိ ချင်းတိုင်းရင်းသား ကျေးရွာများသို့ သွားရောက် လေ့လာကြကြောင်း ယင်းခရီးစဉ်များ အားလုံးအတွက် ဒေသခံ ဧည့်လမ်းညွှန် များကိုသာ ခေါ်သွားလေ့ ရှိကြောင်း ခရီးသွား အေဂျင်စီ တစ်ခုမှ သိရသည်။
( သတင်းအရင်းအမြစ်- Eleven Media Group)

No comments: