Tuesday, November 26, 2013

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်များအတွင်း မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ ရခိုင်၊ ဘင်္ဂါလီနှင့် ခမီ စုစုပေါင်း ၁၃ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိ

8.1.1
အသတ်ခံခဲ့ရသည့် ကျောက်တော်မြို့နယ်မှ မငယ်ငယ်
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ် များအတွင်း အသက်ခြောက်နှစ် အရွယ်နှင့် ငါးနှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ ဘင်္ဂါလီ သုံးဦး၊ ရခိုင်အမျိုးသား လေးဦး၊ ခမီ အမျိုးသား ခြောက်ဦးတို့ကို ခေါ်ယူစစ်ဆေး လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၇ ရက်က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာမှ မဇလပ်ဝါ (ဘ) ဦးရွှေမိ၊ ခမီလူမျိုး အသက်(၅)နှစ်မှာ ပျောက်ဆုံးသွားခဲ့သဖြင့် လိုက်လံရှာဖွေရာ နိုဝင်ဘာ ၁၈ ရက်တွင် သတ်ဖြတ်ပြီး မြေမြှုပ်ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် တစ်ရွာတည်းနေသူများ ဖြစ်ကြသည့် စိုးမဲကျီကျေးရွာမှ မောင်ကာလု၊ ကိုအောင်နိုင်စိုးနှင့် ခင်ထွန်းမောင်တို့ အပါအ၀င် ခမီအမျိုးသား ခြောက်ဦးအား ပေါက်တောရဲစခန်းက ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း ပေါက်တောရဲစခန်းမှ သိရသည်။
''သံသယရှိသူ ခြောက်ဦးကို ခေါ်ယူစစ်ဆေး နေပါတယ်။ လောလောဆယ်တော့ နာမည်အလွတ်မရတဲ့ အတွက် ပြောလို့မရသေးပါဘူး။ တရားခံ ဘယ်သူဘယ်ဝါဆိုတာ ပြောဖို့စောပါသေးတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကြိုးစားနေပါတယ်'' ဟု ပေါက်တော ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။
အလားတူပင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် မိန်းကလေးငယ် အသတ်ခံရမှု နှင့် ပတ်သက်၍ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး အခင်းဖြစ်ကျေးရွာသို့ ရောက်ရှိနေပြီး သံသယရှိသူ ခုနစ်ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၈ ရက် တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက် ည ၉ နာရီခန့်က ကြာညိုပြင်ရွာနေ မငယ်ငယ် (ဘ) ဦးအောင်ခင် ပျောက်ဆုံးပြီး နိုဝင်ဘာ ၁၉ ရက် နံနက် ၂ နာရီ ကျော်ခန့်တွင် ရွာအနောက်ဘက်ရှိ ဦးမှဲ့နီအောင် လယ်ကွင်းတွင် မငယ်ငယ်၏ အလောင်းအား ရွာသားများက တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ဒဏ်ရာတစ်ချက်၊ မျက်လုံးတွင် ဒဏ်ရာတစ်ချက် တွေ့ရကြောင်း၊ အဘွားတော်သူ ဒေါ်အေးနုက တရားလိုပြုကာ အမှုဖွင့်ခဲ့ရာ အပေါက်ဝ နယ်မြေရဲစခန်းက (ပ)၃၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် စုံစမ်းစစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့က အမှုနှင့်စပ်လျဉ်း၍ သက်သေများကို ခေါ်ယူမေးမြန်း စစ်ဆေးနေသည့် အပြင်မသင်္ကာ တရားခံများကိုလည်း ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း၊ ပြည်သူများ၏ သတင်းပေးမှု များကိုလည်း လျို့ဝှက်ထား၍ လက်ခံအရေးယူ ဆောင်ရွက်သွားမည်ဖြစ်၍ ပူးပေါင်းပါဝင် ကြစေလိုကြောင်း ရဲတပ်ဖွဲ့မှ ကြေညာထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
သံသယဖြင့် ဖမ်းဆီးခံရသူများမှာ ကြာညိုပြင်ကျေးရွာမှ ရခိုင်အမျိုးသား လေးဦးနှင့် အနီးရှိ မွတ်ဆလင် ကျေးရွာဖြစ်သည့် ရွာညှာကျေးရွာမှ ဘင်္ဂါလီသုံးဦးတို့ ဖြစ်ကြောင်း ကျောက်တော်ရဲစခန်းမှ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: