Friday, November 1, 2013

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်သောကြောင့် မွန်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြောင်းလဲ တည်ဆောက်ရေး သမ္မတ၏ သ၀ဏ်လွှာကို အတည်ပြုရန် လွှတ်တော်ဆိုင်းငံ့

8.1.1
အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်သောကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြောင်းလဲတည်ဆောက် ရေးအတွက် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို အတည်ပြုရန် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်သည့် မော်လမြိုင်တွင် တည်ဆောက်ရန် လျာထားသော မဂ္ဂါဝပ် ၅၀ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ရခိုင်ပြည်နယ်တွင် ပြောင်းရွှေ့ရေး အတွက် နိုင်ငံတော်သမ္မတက အောက်တိုဘာ ၁၈ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရာ၌ မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ယင်းကဲ့သို့ ထောက်ပြကန့်ကွက်ခဲ့ပြီး လွှတ်တော်က သ၀ဏ်လွှာကို အတည်ပြုခဲ့ခြင်း မရှိဘဲ မှတ်တမ်းတင် ထားရှိခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွက် လျှပ်စစ်မီးရရှိရေး စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ အရင်းအနှီးများစွာ ရယူထားသော တရုတ်နိုင်ငံမှ အကူအညီရယူ ဆောင်ရွက်သင့်ကြောင်း သို့မဟုတ် ဘတ်ဂျက် ထည့်သွင်းရေဆွဲ ဆောင်ရွက်သင့်ကြောင်း၊ လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား အချင်းချင်း၊ ပါတီအချင်းချင်း သွေးကွဲအောင် ဆောင်ရွက်မှုများ ရှိခဲ့သဖြင့် ယနေ့အချိန်အထိ ငြိမ်းချမ်းရေး မရရှိသေးခြင်း ဖြစ်ကြောင်း၊ ယနေ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ တိုင်းရင်းသားများ အကြား စိတ်ဝမ်းကွဲပြားအောင် ဖြစ်စေနိုင်သည့် ကိစ္စရပ်များကို အစိုးရ၊ သမ္မတတို့က ပြန်လည် စဉ်းစားပေးရန် တင်ပြပါကြောင်း၊ အခုကျွန်တော် တင်ပြသည့် တင်ပြချက်အရ ဒီသ၀ဏ်လွှာကို နိုင်ငံတော် သမ္မတ ပြန်လည် စဉ်းစားနိုင်ရန်နှင့် နောက်ဒီသ၀ဏ်လွှာနှင့် ပတ်သက်ပြီးတော့ ဒီလွှတ်တော်တွင် စိတ်ဝမ်းမကွဲပြား အောင်လည်း ဘာမှဆွေးနွေး ငြင်းခုံခြင်း မပြုဘဲ ဒီသ၀ဏ်လွှာကို ပြန်လည်စဉ်းစား နိုင်ရန်အတွက် နိုင်ငံတော် သမ္မတကို ပြန်လည်ပေးပို့ပါလို့ ဥက္ကဋ္ဌကြီးကတစ်ဆင့် တင်ပြပါကြောင်းဟု ဒေါက်တာ ဗညားအောင်မိုးက လွှတ်တော်တွင် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်မည့် ကိစ္စရပ်များကို ဂရုပြုစဉ်းစားရန် လိုကြောင်း၊ သားရွှေအိုးထမ်းသည့် အဖြစ်မျိုးသာ ဖြစ်စေချင်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရ နိုင်ငံတော် သမ္မတကြီး အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက မထိခိုက် မပျက်ပြားစေရန် ပြန်လည်သုံးသပ် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း၊ လွှတ်တော် တွင်း၌လည်း ပို၍အရုပ်ဆိုး အကျည်းတန်စေသည့် ကိစ္စရပ်များ ဖြစ်လာနိုင်သည့်အတွက် ဆွေးနွေးမှုကို ရပ်ဆိုင်းကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် သ၀ဏ်လွှာကို ပြန်လည်ရုပ်သိမ်းပြီး ပြန်လည်ပြင်ဆင် ပေးပို့ပါရန် တိုက်တွန်းကြောင်း မေတ္တာရပ်ခံ ပါကြောင်းနှင့် နိုင်ငံတော်သမ္မတ၏ ပေးပို့သော သ၀ဏ်လွှာကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သ၀ဏ်လွှာကို ဆိုင်းငံ့ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: