Friday, November 8, 2013

ကလေးငယ်များ ပညာရေး ရံပုံငွေတေးဂီတပွဲတော်အတွက် တောင်ကုတ်မြို့မှ ဦးကျောက်တောင် ငွေကျပ်(၁၀)သိန်းလှူ

U Kyauk Taung
 
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မြို့မျက်နာဖုံး လူကြီး တစ်ဦး ဖြစ်သူ ဦးကျောက်တောင်သည် ဒုက္ခသည် ကလေးငယ်များ ပညာရေး ရံပုံငွေ စင်တင် တေးဂီတပွဲတော် တစ်ခု ဖြစ်မြှောက်ရေး အတွက် ကျပ်ငွေ (၁၀) သိန်း လှူဒါန်းကြောင်း သတင်း ရရှိသည်။

၎င်းအလှူငွေအား နိုဝင်္ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော ရခိုင် အမျိုးသား လူမူကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်)သို့ လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အရှင်ကုမာရက ပြောသည်။

“ နိုဝင်္ဘာလ ၃၀ ရက်နေ့ ည ၄း၃၀ နာရီအချိန်မှာ သူကိုယ်တိုင် လာရောက် လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။

၎င်းလှူဒါန်းငွေကို ရခိုင်အမျိုးသား လူမူကယ်ဆယ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမူ ဦးကျော်အေးမောင် နှင့် ဥပဒေ အကြံပြု ဦးမြင့်မောင်ဌေးတို့က လက်ခံ ရယူခဲ့သည်။

ရခိုင် အမျိုးသား လူမူကယ်ဆယ်ရေး အဖွဲ့ (ရန်ကုန်) သည် ကချင်၊ ရခိုင်၊ မိတ္ထိလာမြို့များရှိ ဒုက္ခသည် ကလးငယ်များ အတွက် ပညာရေးရံပုံငွေ စင်တင် တေးဂီတ ဖြေဖျော်ပွဲ တစ်ခုကို ပြုလုပ်ရန် စီစဉ်နေရာ ၎င်းပွဲ ဖြစ်မြှောက်ရေး အတွက် နေလ သစ္စာ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဥက္ကဌလည်း ဖြစ်သော ဦးကျောက်တောင်က ငွေလာရောက် လှူဒါန်းခြင်း ဖြစ်သည်။

အလားတူ ရုပ်ရှင် သရုပ်ဆောင် မရတနာခင်- ကိုစိုးလှိုင်ဦး မိသားစုနှင့် မြင့်ထွန်းဦး (ကျောက်မျက်ရတနာလုပ်ငန်း) တို့မှလည်း အလှူငွေ ကျပ် သိန်း (၂၀)ကို အောက်တိုဘာလ ၂၄ ရက်နေ့က ရခိုင် အမျိုးသား လူမူကယ်ဆယ်ရေး အဖွဲ့ (ရန်ကုန်) လာရောက် လှူဒါန်းခဲ့သည်ဟု သိရသည်။

ဒုက္ခသည် ကလေးငယ်များ အတွက် ၎င်းပညာရေး ဂီတရံပုံငွေ ဖြေဖျော်ပွဲကို ယခုလ (နိုဝင်္ဘာလ) အတွင်း ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ တွင် ကျင်းပ ပြုလုပ်မည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: