Friday, November 1, 2013

သံတွဲပဋိပက္ခဖြစ်စဉ် ပြန်လည်ငြိမ်သက်သွားပြီ ဖြစ်သော်လည်း အခြေခံပညာကျောင်း မတက်နိုင်သူ ကျောင်းသားကျောင်းသူ ၈၀၀ ကျော် ရှိနေ

8.1.1
သံတွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်း တစ်ခုတွင် စာသင်ကြားနေမှု မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

သံတွဲပဋိပက္ခ ဖြစ်စဉ်မှာ ပြန်လည်ငြိမ်သက်သွားပြီ ဖြစ်သော်လည်း အခြေခံပညာ ကျောင်းသို့ လာရောက် ကျောင်းမတက်နိုင်သူ ကျောင်းသား ကျောင်းသူ ဦးရေ ၈၀၀ ကျော် ရှိနေကြောင်း သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ပဋိပက္ခ ဖြစ်ပွားနေစဉ်အတွင်း အခြေခံပညာကျောင်း အများစုသို့ ကျောင်းသူ ကျောင်းသားများ လာရောက်နိုင်ခြင်း မရှိသော်လည်း ယခုအချိန်တွင် အများစုမှာ ပြန်လည် တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
''အခုအားလုံး ပြန်ငြိမ်းချမ်းနေတဲ့ အတွက် မြို့ပေါ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေ အကုန်လုံးမှာ ကျောင်းသား ကျောင်းသူတွေအားလုံး ကျောင်းပြန်တက်ပြီး စာသင်ကြား နေပါပြီ။ ဒါပေမဲ့ ကျေးရွာတွေမှာရှိတဲ့ ကျောင်းအချို့တွေမှာ ကျောင်းမလာတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေသေးပါတယ်။ အဓိက ကျောင်းလာမတက်နိုင်တဲ့ အကြောင်းအရာကတော့ စိုးရိမ်စိတ်တွေ ရှိနေသေးတာရယ်၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာရယ်ကြောင့် ဖြစ်ပါတယ်။ ရွှေလင်ကျေးရွာမှာရှိတဲ့ အထက ကျောင်းမှာဆိုရင် ကျောင်းသား ကျောင်းသူတွေ ကျောင်းလာ မတက်နိုင်သေးပါဘူး'' ဟု သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက ပြောကြားခဲ့သည်။
သံတွဲမြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၁၈၉ ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူဦးရေ ၂၀၃၃၂ ဦး ရှိကြောင်း သံတွဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပညာရေးမှူးက''ကျောင်းသား ကျောင်းသူတွေအားလုံး ကျောင်းပြန်တက်နိုင်ဖို့ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေပါတယ်'' ဟု ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့တွင် စက်တင်ဘာ ၂၉ ရက်က ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများကြောင့် သေဆုံးခဲ့သူများ ရှိခဲ့သလို အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ပဋိပက္ခများကြောင့် မိသားစုဝင် အမြောက်အမြား အခြားနေရပ်များသို့ ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မိသားစုဝင်များ အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင် ခဲ့ကြရပြီး ဒေသခံများသည် ဖြစ်ပေါ်နေဆဲ လုံခြုံရေး အခြေအနေများကြောင့် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ယခု ဒုတိယနှစ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံးအပေါ်လည်းအနုတ်လက္ခဏာ ဆောင်မည့် ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: