Friday, November 1, 2013

ကျောက်ဖြူတွင် ပုဒ်မ ၁၈ ဖြင့် ထောင်ကျသူများအား ခရိုင်တရားရုံးမှ ပြစ်ဒဏ် တစ်လလျှော့

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီအား ကန့်ကွက်ဆန္ဒပြခဲ့မှုနှင့် ပတ်သက်၍ ဦးထွန်းကြည်ပါ ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်သူ ၁၀ ဦးတို့အား စက်တင်ဘာ ၂၆ ရက်နေ့က ကျောက်ဖြူမြို့နယ် တရားရုံးမှ ထောင်ဒဏ်သုံးလစီ ချမှတ်ထားခဲ့သော်လည်း အောက်တိုဘာ ၂၄ ရက်က ကျောက်ဖြူခရိုင် တရားရုံးက ထောင်ဒဏ်တစ်လစီ လျှော့ပေါ့ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဦးထွန်းကြည် အပါအ၀င် ၁၀ ဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုဖြင့် သက်ဆိုင်ရာမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ကျောက်ဖြူမြို့နယ် တရားရုံးမှ စက်တင်ဘာ ၂၆ ရက်နေ့က ထောင်ဒဏ် ၃ လစီ အသီးသီး ချမှတ်ခဲ့ပြီးနောက် အယူခံ ၀င်ရောက်ခဲ့ခြင်းဖြစ်ကာ ခရိုင်တရားရုံးမှ ထိုသို့လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ထောင်ချခံရသော အမှုအား ရှေ့နေလိုက်ပေးနေသူ အထက်တန်းရှေ့နေ ဦးထိန်လင်းက "ဟုတ်ကဲ့ ထောင်ဒဏ်တစ်လ လျှော့ပေးလိုက်တယ် ဆိုတာကလည်း ခရိုင်တရားသူကြီး အနေနဲ့ သက်ညှာတဲ့ သဘောနဲ့ လျှော့လိုက်တာပါ။ သူတို့ဟာ အများပြည်သူအတွက် ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်။ ကိုယ်ကျိုးအတွက်လုပ်တာ မဟုတ်တဲ့အပြင် ယခင်ကလည်း ပြစ်မှုတစ်စုံတစ်ရာ မရှိခဲ့တဲ့ အတွက်လည်း ပါပါတယ်။ နောက်ထပ် ၂၉ ရက်သာ ထောင်ထဲမှာ နေရတော့မှာ ဖြစ်ပါတယ်" ဟု အောက်တိုဘာ ၂၅ ရက်က ပြောကြားခဲ့သည်။
ဦးထွန်းကြည်တို့ ဦးဆောင်သော အဖွဲ့သည် လွန်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းပေါ်ရှိ CNPC ရုံးရှေ့၌ ဒေသခံ ၄၀၀ ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းဆန္ဒထုတ်ဖော်မှုတွင် တရုတ်ရေနံပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်ပြီး သိမ်းဆည်းခံ လယ်မြေများအား လျော်ကြေးငွေ အပြည့်အ၀ ရရှိရေး၊ ဒေသတွင်းရှိ လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်အောင် ပြုလုပ်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများအပေါ် နစ်နာကြေးများကို အပြည့်အဝေပေးရေးတို့ အပါအ၀င် အချက်ကိုးချက်အား တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအား ထောင်ဒဏ်ချမှတ်ခြင်းအပေါ် သဘောမပေါက်ကြောင်းနှင့် ယင်းသြို့ပစ်ဒဏ် ချမှတ်ခြင်းသည်ပင် ဥပဒေအပြင်ကို ရောက်နေသည်ဟု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။
"မဒေကျွန်းမှာလာပြီး တရုတ်တွေက ရင်းနှီးမြှုပ်နှံမှု လုပ်တယ်၊ ဒါပေမဲ့ မဒေးကျွန်းမှာနေတဲ့ လူတွေအတွက် ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတယ်။ နစ်နာမှုတွေ ရှိတယ်။ အဲဒီနစ်နာမှုတွေကို ဒေသခံ ပြည်သူတစ်ဦး အနေနဲ့ ရပိုင်ခွင့်ကို တောင်းဆိုတယ်။ အဲဒီတောင်းဆိုမှုကို တရားစွဲဆို ထောင်ချတယ် ဆိုတာကတော့ လုံးဝမတရားဘူးလို့ မြင်တယ်" ဟု ကျောက်ဖြူမြို့မှ ကိုထွန်းနိုင်က ပြောကြားခဲ့သည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: