Tuesday, December 31, 2013

ဆန္ဒပြမှုများနှင့်၂၀၁၃

DSC 0157mmk
OIC အဖွဲ့လာရောက်ခြင်းကို ကန့်ကွက်ဆန္ဒပြနေသူများအား တွေ့ရစဉ်
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ ကဏ္ဍအသီးသီး အတွက် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှု အများအပြားဖြစ်ပေါ်ခဲ့၍၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ်ဖော်ပြအပ် ပါသည်။
ကဏ္ဍအသီးသီးအတွက် ဆန္ဒထုတ်ဖော်မှုများထဲတွင် လက်ပံတောင်းတောင် အရေးဆန္ဒပြမှုများ၊ ပုဒ်မ-၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြမှု၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရန် အစိုးရတာဝန်ရှိသူများ၏ ထုတ်ပြန်မှုအပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှု၊ လယ်ယာမြေသိမ်းဆည်းမှုများအပေါ် အသိမ်းခံပြည်သူများက ဆန္ဒပြတောင်းဆိုမှု၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာကင်တားနား၏ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဘက်လိုက်မှုများရှိနေ၍ ပြည်သူလူထုမှ ဆန္ဒပြမှု၊ OIC အဖွဲ့ မြန်မာနိုင်ငံသို့လာရောက် လေ့လာမှုနှင့် ရုံးခွဲဖွင့်လှစ်ရန် တောင်းဆိုမှုတို့ကို ဆန္ဒပြမှု စသည့်ဆန္ဒပြတောင်းဆိုမှုများ ပါဝင်ခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ဗုဒ္ဓဘာသာကို အစွန်းရောက် ဘာသာဟု ရေးသားဖော်ပြခဲ့သည့် ကမ္ဘာကျော် TIME မဂ္ဂဇင်းနှင့် ဆောင်းပါးရေးသားသူအား ကန့်ကွက်ကြောင်းဆန္ဒပြမှုကို သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် တို့က ပြုလုပ်ခဲ့သည်။
OIC (Organization of Islamic Cooperation)  အဖွဲ့လာရောက်ခြင်း၊ ရုံးစိုက်ဖွင့်လှစ်မည် ဆိုသောသတင်းကြောင့် ရန်ကုန်မြို့၌ သံဃာတော်များနှင့် ပြည်သူလူထုတို့က လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြ . . .. . . .
၂၀၁၃ ခုနှစ် သြဂုတ် ၂၅ ရက်တွင် မြန်မာရုပ်ရှင်သမိုင်း တစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌလူမင်းနှင့် အမှုဆောင်အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လူဦးရေ ၁၀၀ ၀န်းကျင်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၁ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတစ်ရာကျော်တို့က အလုပ်ရှင်မှ အခြေခံလစာတိုးမြှင့်ပေးရန်နှင့် အလုပ်သမားအခွင့်ရေး အပြည့်အ၀ပေးရန် တောင်းဆိုချက်များကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်း ဖွင့်တောင်းဆိုခဲ့ကြသည်။ထိုသို့ စက်ရုံအလုပ်သမားများအပေါ် အလုပ်ရှင်များမှ အခြေခံလစာတိုးမြှင့်ပေးရန် အလုပ်သမားများက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုမှုများမှာ ၂၀၁၃ ခုနှစ်အတွင်း အများအပြား ဖြစ်ပေါ်ခဲ့သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် တပ်ပိုင်မြေအဖြစ်ယူထားသော မိကျောင်းကန်မြေပြန်လည်ရရှိရေးအတွက် ယခင်နေထိုင်သူများက ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် လူအင်အား ၆၀၀ ကျော် ဖြင့် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
အလားတူ ၂၀၁၃ ခုနှစ် နိုဝင် ဘာ ၂၆ ရက်တွင်လည်း မိကျောင်းကန်မြေရှေ့၌ နေထိုင်သူများက တပ်သိမ်းမြေ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန်မြေအရှေ့တွင် ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့မြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုမှုမှာ ကိုးကြိမ်မြောက်ထိ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် အတွင်း လယ်ယာမြေသိမ်းဆည်းမှုများအပေါ် အသိမ်းခံရသော ပြည်သူလူထုမှ ဆန္ဒပြတောင်းဆိုမှုများ နိုင်ငံတစ်ဝန်း အများအပြား ဖြစ်ပေါ်ခဲ့ပြီး အစိုးရအနေဖြင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေခဲ့သော်လည်း ထိရောက်မှုများမရှိခဲ့ပေ။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရန် လျှပ်စစ်ဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်မှုကြောင့် ပြည်သူလူထုက မီတာတိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ရေးထားသော စာရွက်များကိုင်ဆောင်ပြီး ကျောက်တံတားမြို့နယ် သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့မှ ဆူးလေဘုရားသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ယင်းနေ့ညဘက်တွင်လည်း မီတာခလျှော့ချပေးရန် ဖယောင်းတိုင်များကို ကိုင်ဆောင်၍ မဟာဗန္ဓုလလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဆူးလေဘုရားထိ လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် နိုဝင်ဘာ ၇ ရက် နေ့တွင်လည်း ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ်စေရေးအတွက်  ဒုတိယအကြိမ်မြောက် လမ်းလျှောက်ဆန္ဒပြမှုကို ညနေ ၆ နာရီခွဲခန့်တွင် မြေနီကုန်းမီးပွိုင့် အနီးမှ အလုံမြို့နယ် လျှပ်စစ်ဓာတ် အားပေးရေးရုံးအထိ ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ကာ ထပ်မံဆန္ဒပြခဲ့ကြသည်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ OIC (Organization of Islamic Cooperation) အဖွဲ့လာရောက်ခြင်း၊ ရုံးစိုက်ဖွင့်လှစ်မည်ဆိုသော သတင်းကြောင့် ရန်ကုန်မြို့၌ သံဃာတော်များနှင့် ပြည်သူလူထုတို့က လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြမှုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားရှေ့နှင့် အင်းစိန်မြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ ၁၃ ရက်တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရးအဖွဲ့ (OIC) ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည့်အခါတွင်လည်း သံဃာတော်များနှင့်  ပြည်သူလူထုတို့ မှ လေဆိပ်ရှေ့တွင် ထပ်မံဆန္ဒပြခဲ့ကြသည်။
အလားတူကန့်ကွက်ကြောင်း ဆန္ဒပြမှုမျိုးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်ခွင့်မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြရသည်။
နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်၌ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများက ရန်ကုန်မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက တားဆီးမှုများ ပြုလုပ်သည့်အခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံကို မီးရှို့ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၁၃ ခုနှစ် သြဂုတ် ၂၇ ရက် တွင် လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သူများအား ပုဒ်မ- ၁၈ဖြင့် တရားဆွဲဆိုဖမ်းဆီး ထောင်ချမှုများရှိနေသဖြင့် ပြည်သူလူထုက  ပုဒ်မ -၁၈ ဖျက်သိမ်းပေးရန် ဆန္ဒဖော်ပြခဲ့ကြသည်။
၂၀၁၃ ခုနှစ် သြဂုတ် ၁၂ ရက် တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားအား ရခိုင်ဒေသခံပြည်သူများက  စစ်တွေလေဆိပ်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: