Tuesday, December 3, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ် ကုဗပေနှစ်သန်း မန္တလေး ဓာတ်အားခွဲ ဌာနသို့ စတင်ဖြန့်ဝေနေပြီး ကျောက်ဆည်စက်မှုဇုန်သို့ အဓိကပေးပို့မည်

F-1-12
ကျောက်ဖြူမြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား တွေ့ရစဉ်
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ်ကုဗပေ နှစ်သန်းကို မန္တလေး ဓာတ်အားခွဲဌာနသို့ နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ဒေသခံများသို့ ဖြန့်ဝေနေပြီဖြစ်ကြောင်း ပိုက်လိုင်းကုမ္ပဏီ SEAGP မှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မန္တလေး ဓာတ်အားခွဲ ဌာနမှ ပို့လွှတ်မည့် သဘာဝ ဓာတ်ငွေ့များကို ကျောက်ဆည်စက်မှုဇုန်သို့ အဓိက ပေးပို့မည်ဖြစ်ကြောင်း၊ ကျောက်ဆည်စက်မှုဇုန်သည် မြန်မာအစိုးရမှ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းအူကြောင်း အနေအထား တိုင်းတာချက်ဖြင့် သတ်မှတ်ကာ ဆောင်ရွက်ခဲ့သည့် စက်မှုဇုန်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်စက်မှုဇုန်အတွင်း သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၁၁ ခု လျာထားပြီး လက်ရှိတွင် ငါးခုသာ အသုံးပြုလျက်ရှိကြောင်း၊ ယင်းစက်ရုံများမှာ ဘိလပ်မြေစက်ရုံ၊ ဦးထုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ အတွင်းအင်္ကျီစက်ရုံနှင့် ဖန်ထည်မှန်ထည် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်စက်မှုဇုန်သို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့၏ တစ်ဝက်မှာ ဒေါ်လာခြောက်သန်းကျော် ရင်းနှီးထားသည့် ဖန်ချက်စက်ရုံသို့ ပေးပို့မည်ဖြစ်ကြောင်း၊ အဆိုပါ ဖန်ချက်စက်ရုံ၏ တစ်ရက် ဖန်ထုတ်နှုန်းမှာ ၁၁၇ တန်ဖြစ်၍ တစ်နှစ်ထုတ်လုပ်မှု ပမာဏမှာ တန်ချိန်ပေါင်း ၄၂၇၀၀ ဖြစ်ကြောင်း သိရသည်။
"တစ်နှစ်ဖြန့်ဝေနှုန်း ပမာဏက အတိအကျ မသိနိုင်သေးဘဲ MOGE ရဲ့ အပတ်စဉ် ဖြန့်ဝေစီမံချက်အတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ စတင်ဖြန့်ဝေချိန်မှာ သဘာဝဓာတ်ငွေ့ လိုအပ်မှုများမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ စုစုပေါင်း ဖြန့်ဝေနှုန်းကို တစ်နှစ်ဖြန့်ဝေမှု စီမံချက်နဲ့ ချိန်ယူရမှာ ဖြစ်ပါတယ်" ဟု အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မန္တလေး စီမံခန့်ခွဲရေး ဦးစီးဌာန၊ လုံခြုံရေး ဌာနစိတ်မှူးက ပြောကြားသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူတွင် အစပြု၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ရွှေလီမှတစ်ဆင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားခြင်းဖြစ်ကာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာ အရှည်ရှိပြီး တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: